ကုလားပဲတွေ ဘယ်မလဲ
ဘုရားကြီးဈေးက မနက် လေးခွဲလောက် အိပ်ယာနိုးတယ်။ ဒီမနက်တော့ ထမင်းကြော်နဲ့ အကြော်လေးနဲ့ စားရရင်ကောင်းမှာလို့ တွေးမိတာနဲ့ ရောက်ဖြစ်တယ်။ ခါတိုင်းတော့ လက်ဖက်ရည်ဆိုင်က ထမင်းကြော်နဲ့ ကြက်ဥမွှေကြော်နဲ့ စားတယ်ပေါ့။ ပလာတာ၊ ထပ်တရာကြော်တဲ့ ဒယ်ထဲကထွက်လာတဲ့ ကြက်ဥမွှေကြော်က စားရတာ ဘက်သက်ကြီး။ သိပ်အဆင်ပြေလှတယ် မရှိဘူး။ အံမယ် ဈေးက အတော်စည်ပါ့လား။
အကြော်ဆိုင်ရှေ့ရောက်တော့ အကြော်ဒယ်ထဲကဆီက ပွက်သေးထစရှိသေးတယ်။
အစ်မကြီး အကြော်ရတော့မလား။
နည်းနည်းတော့စောင့်ရဦးမယ်။ ဘယ်လောက်ဖိုးယူမှာလဲ။
ဘယ်အကြော် အရင်ရမှာလဲဗျ။
ဗယာကြော်ရမယ်။ တိုဟူးကြော်ရမယ်။
ဗယာကဘယ်လောက်။ တိုဟူးက ဘယ်လောက်လဲ။
ဗယာတစ်ခု ၅၀။ တိုဟူးက ၁၀၀။
အဲဒါဆို ဗယာကြော်ပဲ ၅၀၀ဖိုးယူမယ်။
တော်တော်ကြာကြာစောင့်ရဦးမှာမို့ ဟိုကြည့်ဒီကြည့်။ ဗာဒံ(ဗန်ဒါ)ပင်က အရွက်ကြွေတဲ့အချိန်သာ စိတ်ညစ်ရတာနော်။ အခုတော့လည်းကြည့်ပါဦး အရွက်လေးတွေက စိမ်းပြီး ထပ်နေတာ အတော်အရိပ်ကောင်းရတာပဲ။
အဆက်အစပ်မရှိ ပါးစပ်ကထွက်လာတဲ့စကားကို အကြော်သည်အစ်မကြီးက ဟုတ်တယ်လို့ ထောက်ခံတယ်။
ဈေးသည်တွေက ဒီကမဟုတ်ဘူး ထင်တယ်နော် အစ်မကြီး။
ဟုတ်တယ်။ ကျောက်ဆည်၊ မြစ်ငယ်၊ ကံတလူ၊ စစ်ကိုင်းဘက်က လာကြတာ။ ဖောက်သည်ပေးကြတာလေ။
ဪ အစ်မကြီးရော ဘယ်ကတုန်း။
တောင်ရွာသစ်က။
တောင်ရွာသစ်က ဘယ်နားမှာလဲ။
ဒါလေးတောင်မသိဘူးလားဆိုတဲ့ အကြည့်နဲ့ ဗယာကြော်ဖောက် ရင်း လှမ်းကြည့်တယ်။
၄၂လမ်း ကုန်းကျော်တံတားတောင်ဘက်ကလေ။
ဪ သိပြီ။ ပါးစပ်ကထွက်မလာပါဘူး။ မနက်စောစောစီးစီး အမင်္ဂလာ ဖြစ်မှာစိုးလို့လေ။ ဟိုတစ်နေ့က မီးလောင်တဲ့ရပ်ကွက်ပဲ။ မိတ်ဆွေတစ်ယောက် အိမ်တောင်ပါသွားသေးတာပဲ။
ဟဲ့ မကြည် မနက်က ဈေးမီရဲ့လား။
လမ်းမျက်နှာချင်းဆိုင် လမ်းဘေးဈေးခင်းတော့မယ့်အမျိုးသမီးတစ်ယောက်ကို အကြော်သည် အစ်မကြီးက လှမ်းအော်တယ်။
မီတယ်လေ။ အစ်မနိုးလို့ တော်သေးတယ်။ ဒါတောင် ကားကထွက်တော့မှာမို့ တရပ်ကွက်လုံးကြားအောင် အော်လိုက်ရသေးတယ်။
မှတ်ပုံတင်လုပ်တာ ပြီးခဲ့ပြီးလား။
ပြီးခဲ့ပြီအေ့။ သုံးသောင်းလောက် ကုန်ခဲ့တယ်။
အစ်မကြီး မှတ်ပုံတင်လုပ်တာ အဲဒီလောက်ကုန်သလား။
မသိပါဘူး။ ငါ့မောင်ရယ်။ ဒဏ်ကြေးဆိုလား။ အဲဒါကြောင့်ကုန်ဝာာတဲ့။
အစ်မက ဒီအရွယ်ရောက်နေပြီ မှတ်ပုံတင်မရှိဘူးလား။
အစ်မမဟုတ်ဘူး။ အစ်မသားပါ။ ဒီကောင်အသက် ၂၀ပြည့်တာ မြန်လိုက်တာဟယ်။ ၂၀၀၀က မွေးတာလေ။ အလုပ်တစ်ဖက်နဲ့ဆိုတော့ မှတ်ပုံတင်လုပ်ဖို့ သတိမထားမိလိုက်ဘူး။ ကိုယ်က ကလေးလေး ထင်သေးတာ။
ဟဲ့ မကြည် အံမယ် ဦးစီးမှူးလေးက သဘောကောင်းတယ်အေ့။ ဟိုတိုက်နယ်မှူးဆိုတာတော့ လူလေးငယ်၊ ရာထူးလေးရှိတော့။ ထောင့်မကျိုးချင်ဘူး။
သူ့အပြောကြောင့် ကျွန်တော် ပြုံးမိလိုက်တယ်။ သဘောကောင်းတဲ့သူက သူ့ကို ကူညီလိုက်ပုံရပြီး၊ ထောင့်မကျိုးတဲ့သူက ကြပ်လိုက်ပုံရတယ်။
ဒါတောင်အစ်မက သက်သာလာတာ ငါ့မောင်ရဲ့။
ဟုတ်လား ဘယ်လိုသက်သာလာတာလဲ။
ကျမ်းကြိမ်ရင် သုံးသောင်း၊ ကျမ်းမကြိမ်ရင် ငါးသောင်းလေ။
အစ်မတော့ ငါးဦးကော်မတီဆိုလားအေ။ အဲဒါမသွားတတ်၊ မလုပ်တတ်လို့ တစ်သောင်းခွဲပေးလိုက်ရတယ်။ ဖွားစားရင်းမရှိလို့တဲ့ ------မြို့နယ်ရုံးသွားရသေးတယ်။ အဲဒါ ၈၀၀၀ပေးခဲ့ရတယ်။
ကလေးက အိမ်ထောင်စုထဲ မထည့်ရသေးလို့လား။
ထည့်ထားပါတယ်ဟယ်။ ရှိလည်းရှိပါတယ်။ အဲဒါ ဘာဖိုးလဲမသိဘူး တစ်သောင်းခွဲထပ်တောင်းလို့ ကျုပ်မရှိတော့ဘူး။ ပါဝာာကုန်ပြီလို့ ပြောရတယ်။ အဲဒါ ဦးစီးမှူးလေးက မပါရင်နေပါ့စေ။ ကျွန်တော်စိုက်ပေးပါ့မယ်ပြောလို့ အဆင်ပြေသွားတာ။
ဪ ဩ
နောက်ပြီးအေ။ ကိုယ့်လူမျိုးအချင်းချင်း ကျမ်းကြိမ်ရတာကြီးတော့ မကြိုက်ပါဘူးအေ။
သူတို့မှာလည်း ပြဌာန်းချက်တွေအတိုင်း လုပ်ရတာနေမှာကိုး အစ်မရဲ့။ အစ်မကတော့ ကိုယ့်လူမျိုးအချင်းချင်းဆိုတဲ့စိတ်နဲ့ ဘယ်ခံချင်ပါ့မလဲ။ သူတို့ကြ လူမျိုးပေါင်းစုံနဲ့ ဆက်ဆံနေရတာလေ။
ငါ့မောင် ဘယ်လောက်ဖိုးထည့်ရမလဲ။
မကြည်က မေးတယ်။
အစကတော့ ငါးရာဖိုးယူမလို့ပဲ။ အခုတော့ အိမ်ကလူတွေပါ စားရအောင် တစ်ထောင်ဖိုးထည့်လိုက်ပါအစ်မ။
အစ်မရေ သူ့ထည့်ပေးပြီးရင် ကျွန်မဈေးခင်းတော့မယ်။
အေး အေး မကြည်။
ဒယ်ထဲက အကြော်ဆည်လို့ရမရကြည့်ရင် အကြော်သည် အစ်မကြီးပြန်ဖြေတယ်။
အကြော်ထုပ်ဆွဲ ထွက်လာတော့ ဆွမ်းလောင်းဖို့ လိုတဲ့အခါ အော်ဒါမှာလို့ရတယ်နော် ငါ့မောင်။
ဟုတ်ကဲ့ အစ်မကြီး။
အကြော်ထုပ်ကြီး လက်ကဆွဲ လက်ဖက်ရည်ဆိုင်ရောက်တော့။
ညီလေး ထမင်းကြော်တစ်ပွဲပေးပါ။
ကြက်ဥကြော်ပါသေးလား ဘောစိ။
ဒီနေ့တော့ တော်ပြီကွာ။ ငါအကြော်ဝယ်လာတယ်။
လာချပေးတဲ့ ထမင်းကြော်နဲ့ ဗယာကြော်ကို စားရင်း အရသာခံကြည့်တယ်။
ဪ ဆန်ကြမ်းများများနဲ့ ကြော်ထားတာပါလား။
အောင်မျိုးထွန်းကျော်
No comments
Post a Comment