Header Ads

Header ADS

သေဖို့ထက် နေဖို့ခက်

တရုတ်တစ်ပြည်လုံးမှာ အများကြီးစဖြစ်တယ် သေတာ သုံးထောင်ပဲသေတယ်။ အဲဒီတော့ ကျွန်တော်တို့ ကြောက်ရမှာက သေတာကို ကြောက်ရမှာမဟုတ်ဘူး။ ကျွန်တော်တို့ ကြောက်ရမှာက သုံးလေးလ တစ်နိုင်ငံလုံး ငုတ်တုတ်ထိုင်စားရမှာ။ အဲဒါကို ကြောက်ရမှာ။ တရုတ်က ကျွန်တော်တို့ထက် ချမ်းသာတယ်။ သူတို့က သုံးလေးလ ထိုင်စားနိုင်တဲ့သူတွေရှိတယ်။ ကျွန်တော်တို့ဆီမှာ တစ်နေ့လုပ် တစ်နေ့စားတွေ ထိုင်စားရတော့မှာ။ အဲဒီတော့ ကျွန်တော်တို့ တကယ်ကြောက်ရမှာက ကျွန်တော်တို့ဆီ ဝင်လာခဲ့လို့ရှိရင် လာမယ့် Impact (နောက်ဆက်တွဲအကျိုးသက်ရောက်မှု)တွေကို ကြောက်ရတာ။ အဲဒီတော့ ကျွန်တော်တို့ သုံးလေးလထိုင်စားရတော့မှာ။ အကုန်လုံးငြိမ်ရမယ်။ အကုန်လုံး Quarantine (သီးသန့်ခွဲထားခံရမယ်) လုပ်ရမယ်ဆို ကျွန်တော်တို့က အဲဒါ ဒုက္ခရောက်တာ။ အဲဒါကို ကျွန်တော်တို့ စဉ်းစားနေတာ။ ကျွန်တော်တို့က သေမှာကြောက်လို့ အဓိကစဉ်းစားတာမဟုတ်ဘူး။ တစ်ယောက်ချင်း တစ်ယောက်ချင်း သေနိုင်ဖို့ Chance (အခွင့်အလမ်း)က တော်တော်ကို နည်းတယ်လို့ ဒေါက်တာမောင်မောင်ဦး တွဲဖက်ပါမောက္ခ အထွေထွေရောဂါကုသမားတော်က ပြောပါတယ်။

ဒေါက်တာမောင်မောင်ဦးဟာ မန္တလေးမြို့ အထွေထွေရောဂါကုဆေးရုံကြီး ဖျားနာဆောင် (၁)မှာ တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။ ကိုဗစ်နိုင်တင်း စောင့်ကြည့်လူနာအဖြစ် ကန်တော် နဒီဆေးရုံမှာ ဆေးဝါးကုသမှုခံယူနေတဲ့ မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်က အသက် ၂၂နှစ်အရွယ် အမျိုးသမီး မတ်လ၁၇ရက် နံနက်ပိုင်းက သေဆုံးမှုနဲ့ပတ်သက်ပြီး ပြုလုပ်တဲ့သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက်တွေကို အခုလိုပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

အခုဆောင်းပါးစရေးဖို့ပြင်မိတဲ့ မတ်လ ၁၉ရက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်တဲ့ သတင်းတွေအရ ၁၉၅နိုင်ငံရှိတဲ့အထဲက ၁၆၆နိုင်ငံမှာ ကိုဗစ်နိုင်တင်း(COVID19)ရောဂါ ကူးစက်ပြန့်ပွား နေပါတယ်။ လူဦးရေ နှစ်သိန်းခုနှစ်ထောင်ကျော်ကူးဆက်ခံထားရပြီး လူပေါင်း ကိုးထောင်နီးပါး သေဆုံးသွားပြီလို့ ဆိုတယ်။ ဆောင်းပါးတကယ်ရေးဖြစ်တဲ့ မတ်လ ၂၆ရက်နေ့မှာတော့ တစ်ကမ္ဘာလုံးမှာ ရောဂါဖြစ်ပွားနေပြီး ရောဂါကူးစက်ခံရသူ လေးသိန်းတစ်သောင်းကျော်၊ သေဆုံးသူ တစ်သောင်းရှစ်ထောင်ကျော် ရှိပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အဲဒီအချက်အလက်တွေဟာ အချိန်နဲ့တပြေးညီ အချက်အလက် မဟုတ်ပါဘူး။ အချိန်နဲ့ တပြေးညီ အချက်လက်အသစ်တွေတင်ပေးနေတဲ့ ကမ္ဘာ့တိုင်းတာရေးဝဘ် စာမျက်နှာ (worldometers.info) ရဲ့ ကိုရိုနာဗိုင်းရပ်စ်ကဏ္ဍမှာတော့ တစ်ကမ္ဘာလုံးမှာ ရောဂါကူးစက်ပျံ့ပွားနေပြီး၊ လူပေါင်းလေးသိန်းရှစ်သောင်းနီးပါး ရောဂါကူးစက်ခံထားရတယ်။ သေဆုံးသူအရေအတွက်က နှစ်သောင်းတစ်ထောင်ကျော် ရှိပါတယ်။ ဒါဟာ ရောဂါဖြစ်ပွားမှုရဲ့ တစ်ဆယ့်ခြောက်ရာခိုင်နှုန်း တစ်ရာမှာ တစ်ဆယ့်ခြောက်ယောက် သေဆုံးတာပါ။ ဒီနေရာမှာ တစ်ခုပြောစရာရှိလာပါတယ်။ ဆရာဝန်တွေရော နိုင်ငံတော်၏အတိုင်ပင်ခံရဲ့ ကိုဗစ်နိုင်တင်း (COVID19) ရောဂါပိုးရှိသူ နှစ်ယောက်စတွေ့ပြီးနောက်တစ်ရက် ကိုဗစ်နိုင်တင်း (COVID19) နဲ့ပတ်သက်ပြီး ဒုတိယအကြိမ် ပြည်သူလူထုသို့ အသိပေးတင်ပြချက်မှာပါ သေဆုံးနိုင်တဲ့ ရာခိုင်နှုန်း ၄ဒဿမ၄ရာခိုင်နှုန်း ရှိတယ်လို့ ဆိုကြပါတယ်။ ကမ္ဘာ့တိုင်းတာရေးအဖွဲ့ရဲ့ ဖော်ပြချက်မှာတော့ ရောဂါဖြစ်ပွားသူတွေရဲ့ ၄ရာခိုင်နှုန်းဟာ စိုးရိမ်ရသူတွေသာဖြစ်ပြီး၊ သေဆုံးသူရာခိုင်နှုန်းကတော့ တစ်ဆယ့်ခြောက်ရာခိုင်နှုန်းပါ။ နောက်တစ်ခုက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ နေ့စဉ်အစီရင်ခံစာတွေထဲက ကာကွယ်ရမယ့် နည်းလမ်းထဲမှာ မတ္ထရစ်စနစ်၊ ကမ္ဘာသုံးယူနစ်စနစ်နဲ့ တစ်မီတာအကွာအဝေးက ပြောဆိုဆက်ဆံကြရင် ကာကွယ်နိုင်တယ်လို့ပြောထားတာကို သုံးပေအကွာဆိုပြီး ပြောဆို လိုက်နာ လုပ်ကိုင်နေကြတယ်။ အခုဖြစ်နေတာဟာ ကမ္ဘာ့ကူးစက်ကပ်ရောဂါပါ။ အရပ်ထဲက လက်သမားဆရာတွေအတိုင်းအတာ တိုင်းသလို တစ်မူး၊ တစ်မတ်ကွာတာ ရိုက်ထည့်လိုက်လို့ရပါတယ်ဆိုတာမျိုး၊ တစ်ပေမကွာ ဆရာမဖြစ် ဆိုတာမျိုး လုပ်ဖို့မသင့်ပါဘူး။ တစ်မီတာဆိုတာ ပေနဲ့တွက်ရင် သုံးပေနှစ်လက္မကျော်၊ သုံးပေသုံးလက္မလောက် ရှိပါတယ်။
လူ့အသက်တစ်ချောင်းဆုံးရှုံးရတယ်ဆိုတာ စိတ်မကောင်းစရာကောင်းပါတယ်။ သို့သော် ရာခိုင်းနှုန်းနဲ့ ကြည့်ရင်နည်းပါတယ်။ ကူးစက်ကပ်ရောဂါဖြစ်လို့ ရောဂါဖြစ်ပွားရာနေရာတွေကို သီးသန့်ခွဲထား၊ ပိတ်ဆို့ထားကြရပါတယ်။ အဲဒီလို ပိတ်ဆို့ထားရတာကြောင့် အလုပ်ပျက် အကိုင်ပျက် ဖြစ်ကြရတယ်။ အဲဒီအချိန်မှာ စား၊ ဝတ်နေရေးကိစ္စက စကားပြောလာပါတယ်။ အထူးသဖြင့် တစ်နေ့လုပ်တစ်နေ့စား အခြေခံလူတန်းစားတွေမှာ ပိုလို့ဒုက္ခရောက်ကြရမှာပါ။

ဒီအခြေအနေတွေအတွက် မြန်မာအစိုးရအနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားတာတွေ့ ရတယ်။ ရောဂါပိုးတွေ့သူတွေ အစုလိုက်အပြုံလိုက်ဖြစ်လာရင် ထားရမယ့်နေရာတွေ၊ အဲဒီရောဂါဖြစ်သူတွေကို ကူညီစောင့်ရှောက်ဖို့ Volunteer အဖွဲ့အစည်းအတွက် လူစာရင်းတင်ခိုင်း တာတွေ၊ စီးပွားရေး လုပ်ငန်းတွေအတွက် ချေးငွေထုတ်ပေးမယ့်အစီအစဉ်တွေ၊ အခွန်လျော့ ပေးမယ့်အစီအစဉ်တွေကို ထုတ်ပြန်ကြေညာထားပါတယ်။ အဲဒါအပြင် စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ‌ဈေးတက်မရောင်းပါဘူးဆိုတဲ့ ထုတ်ပြန်ချက်တွေကိုလည်းတွေ့ကြရမှာပါ။ သို့သော်လည်း ပုံမှန်အချိန်တွေမှာတောင် လုယက်မှုတွေနဲ့ တရားဥပဒေစိုးမိုးမှုအားနည်းတဲ့အဖြစ်တွေက စိတ်ပူစရာအခြေအနေတွေပါ။

အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး စာရေးဆရာ ကြည်ဇော်ဝင်းက ဆူပူအုံကြွမှု အခြေအနေမျိုးတွေ အထိ ဆိုးဆိုးဝါးဝါးဖြစ်လာဖို့တော့ မမြင်မိဘူး။ တစ်ခုပဲ အလုပ်လက်မဲ့ ဖြစ်တဲ့အချိန်မှာ အမျိုးကောင်းသမီးတွေ ဘဝပျက်ရတာမျိုး၊ ခိုးဆိုးလုနှိုက်တွေ ပေါလာနိုင်တာမျိုးတွေတော့ ဖြစ်လာနိုင်တယ်လို့ သူ့အမြင်ကို ပြောပါတယ်။

စာရေးဆရာမ မဝင့်(မြစ်ငယ်)ကတော့ အမေစုရဲ့ငွေချေးလုပ်ငန်းစဥ်က အရင်အစိုးရလက်ထက်ကလည်း လုပ်ခဲ့တာပဲ။ အကြွေးယူ လူပျက်စီးခဲ့ကြပြီး အောင်မြင်တာထက် ဒုက္ခရောက်သွားကြတာ များပါတယ်။ ဒို့ရပ်ကွက်တွေမှာ ချေးနည်းမျိုးစုံနဲ့အကြွေးလှည့်ယူကြ၊ ချဲထိုးဖဲရိုက်နဲ့ မိန်းမတွေပါ ပျက်စီးလိုက်ကြတာ မျက်မြင်ပါ။ တကယ်လုပ်ငန်းလုပ်ကြဖို့ စနစ်တကျချေးကြ။ လုပ်ကြပြန်မယ်ဆိုတော့လည်း ရောဂါဘေးရှောင်ရတာတမျိုး၊ ထုတ်လုပ်မှုဖြန့်ဖြူးဖို့ ခက်ခဲတာတမျိုးမို့ ထိရောက်နိုင်ပါမလား။ လောလောဆယ် ရောဂါဘေးရှောင်ရင်း စီးပွားပျက်လာကြမယ်။ ဆင်းရဲသားက ငတ်လာကြရင် လုယက်မယ်၊ ခိုးမယ်၊ တိုက်မယ်။ ကပ်တွေဆိုတာက တစ်ခုနဲ့ တစ်ခု ဆက်လာတတ်တယ်။ ရောဂါဖြစ်တဲ့ ကပ်ပြီးရင်၊ စီးပွားရေးအဆင်မပြေတဲ့ အငတ်ဘေး၊ ငတ်တော့ လုယက်တိုက်ခိုက် လက်နက်ဘေး ဆက်လာဦးမှာပဲလို့ သူရဲ့ ဘာသာရေးယုံကြည်ချက်ကို အခြေခံပြီး ကပ်သုံးပါးအကြောင်း ပြောပါတယ်။ အဲဒါအပြင် ဖြစ်လာမယ့် အခြေအနေမှာ လည်ပတ်နေတာတွေရ ပ်ဆိုင်းသွားကြလေတော့ လည်ပတ်မြဲလည်ပတ်နေမယ့် အရာတွေ ဘာတွေကျန်နေမလဲ နှစ်လုံး၊ သုံးလုံး လောင်းကစားတွေကအစ ရပ်ကွက်ထဲက ဖဲဝိုင်းကြွေဝိုင်းတွေအထိ ပိုအာရုံရောက်ကုန်မယ်။ လည်ပတ်နေတဲ့အရာတွေကမှ ရပ်ကုန်တာလေ အဲဒါတွေပါရပ်သွားအောင် လုပ်ပေးစေချင်တယ်လို့ ထပ်လောင်းပြောပါတယ်။

စာရေးဆရာ သတင်းစာဆရာ သိုက်ထွန်းသက်ကတော့ စည်းစည်းလုံးလုံးနဲ့ ရင်ဆိုင်ဖြေရှင်း ဖို့လိုမယ်။ အစိုးရအနေနဲ့ ကိုယ်တစ်ယောက်တည်းရုန်းတာထက်၊ အခြားအဖွဲ့အစည်းတွေကိုပါ ပူးပေါင်းပါဝင်လာအောင် ကိုယ်ကစပြီး လုပ်ပြနိုင်ဖို့လိုတယ်။ ဒါဟာ မလုပ်နိုင်လို့ အကူအညီ တောင်းတာမျိုးတော့ မဟုတ်ဘူးပေါ့။ အခြားအဖွဲ့အစည်းတွေကလည်း နိုင်ငံရေးအမြတ်ထုတ်ဖို့ အတွက်မဟုတ်ဘဲ ကိုယ့်နိုင်ငံအခြေအနေမှန်ကိုသိပြီး ညီညီညွတ်ညွတ် ပူးပေါင်းပါဝင်သင့်တယ်လို့ ပြောပါတယ်။

အစိုးရက ရောဂါအတွက် ပြင်ဆင်ထားတာတွေ့ရပါတယ်။ အထူးသဖြင့် ရန်ကုန်၊ မန်းလေး မြို့ကြီးတွေမှာပေါ့။ အမိန့်ညွှန်ကြားချက်တွေထုတ်ပြီး ဧပြီလကုန်ထိ စည်ကားတဲ့ ပွဲလမ်းတွေ မလုပ်ဖို့ ပန်ကြားထားပါတယ်။ SMEတွေအတွက် ငွေချေးမယ်ဆိုတာလည်း သတင်းကောင်းပါပဲ။ အခွန်တွေလည်း လျှော့ချသွားမယ်လို့ ပြောသွားပါတယ်။ ကိုဗစ်နိုင်တင်းနဲ့ ပတ်သက်ပြီး သီးခြားပြောရရင် ပြင်ဆင်ထားဖို့ အရေးတကြီး လိုအပ်ပါတယ်။ အခုပြင်ဆင်ထားတာတွေလည်း အတိုင်းအတာတစ်ခုထိ လုံလောက်ပါတယ်။ ပြီးပြည့်စုံလောက်အောင် ပြင်ဆင်နိုင်တယ်ဆိုတာ ဘယ်နိုင်ငံမှ မရှိပါဘူး။ အကောင်းဆုံးတော့ သူ့နည်းသူ့ဟန်နဲ့ ပြင်ဆင်ကြသူချည်းပါပဲလို့ စာရေးဆရာ၊ သတင်းစာဆရာ သန်းနိုင်ဦးက ပြောပါတယ်။

မြန်မာအစိုးရရဲ့ ပြင်ဆင်ထားမှုတွေဟာ ဂျပန်နိုင်ငံက ပြင်ဆင်လုပ်ကိုင်နေတာနဲ့ ဆင်ဆင်တူနေတာပါ။ ဒါကြောင့် ဂျပန်နိုင်ငံရောက် အမည်မဖော်လိုသူတစ်ယောက်ကို ဆက်သွယ်မေးမြန်းရာမှာ လူတစ်ယောက်ချင်းကိုတော့ မကြည့်နိုင်ဘူးထင်တယ်။ ဒါ့ကြောင့် လုပ်ငန်းရှင်တွေကိုပဲ အတိုးမဲ့ ငွေချေးပေးမယ် ပြောပုံရတယ်။ တကယ်ကျ အပြောပဲ ရှိသေးတယ်။ ဘာမှ လက်တွေ့အကောင်ထည် မမြင်ရသေးဘူး။ အွန်လိုင်းပေါ်မှာတော့ အကောင်းတွေချည်း ရေးနေကြတာပဲ။ တကယ်တမ်းကျ ဝန်ကြီးချုပ်ရှင်းဇိုးအာဘေက အာချည်းပဲ။ (ရယ်လျှက်)

Mask (ပါးစပ်၊ နှာခေါင်းစည်း) အစိုးရက ထုတ်ပေးတယ်သာပြောတာ သာမန်ပြည်သူတွေ လက်ထဲ ရောက်မလာဘူး။ ဒါကြောင့် လူတွေ အော်နေကြပြီ။ လက်လုပ်လက်စားတွေ အများအားဖြင့် မပြေလည်ဘူး။ အခုက တစ်လအစ ရှိသေးတော့ အသံတွေက သိပ်ကျယ်မလာသေးဘူး။ ဒီထက် ကြာပြီး တစ်လကနေ နှစ်လဖြစ်လာရင်တော့ အတော်ရှုပ်ထွေးလာတော့မယ်။ ကိုယ်တွေ ဝင်ငွေလည်း ထိတာပဲ။ အခြေခံလုပ်ခက လူတိုင်း နည်းတာ ထုံးစံပဲ။ အခြေခံလုပ်ခကို အချိန်ပိုင်းနဲ့ ထပ်ပေါင်းလုပ်မှ ပုံမှန်ပြေလည်တာလေ။ ခုကျ အချိန်တွေ လျော့တော့ အခြေခံလုပ်ခလေးနဲ့ နင်နေတာပေါ့လို့ ပြောပါတယ်။ ဒါဟာသူ့အမြင်တွင် မဟုတ်ဘဲ သူ့မိတ်ဆွေဂျပန်နိုင်ငံသားတွေနဲ့ အမြင်အတူတူပဲလို့လည်း ဆိုပါတယ်။ အဲဒါအပြင် အခြားမိတ်ဆွေ တစ်ဦးကလည်း အလုပ်ကပြန်ရင် Mask (ပါးစပ်၊ နှာခေါင်းစည်း)တွေ ရောက်နေမလားလို့ စာတိုက်ပုံးဖွင့် ဖွင့်ကြည့်ရတာ အမော။ ပြီးတော့လည်း ကလေးတွေကျောင်းပိတ်ထားလို့ ထမင်းဗူး အလကားပေးသတဲ့။ တခါမှမရဘူးပေါင်။ မနက်မနက် ထမင်းဘူးထချက်ပေးနေရတာ လူလည်း ပန်ဒါဖြစ်နေပြီလို့ ပြောပါတယ်။

တရုတ်နိုင်ငံအစိုးရကတော့ ညွှန်ကြားချက်ထုတ်ပြန်ချက်တွေနဲ့အတူ အဲဒီညွှန်ကြားချက် တွေကို မလိုက်နာရင် အရေးယူမယ့် စည်းကမ်းချက်တွေပါ တပါးတည်းပါလာတာကြောင့် အခြေခံ လက်လုပ်လက်စားတွေ အဆင်ပြေတယ်လို့ ပေကျင်းမှာ ပညာသင်ကြားနေတဲ့ မလီလီပန်က ပြောပါတယ်။ သူပြောပုံအရ အလုပ်မလုပ်ရလည်း ပုံမှန်ပေးနေကျ နှုန်းထားအတိုင်း လုပ်ငန်းရှင်တွေက ပေးကြရတယ်လို့ ဆိုပါတယ်။ အဲဒါအပြင် ပညာသင်ကြားရေးနဲ့ ပတ်သက်လို့လည်း အွန်လိုင်းစနစ်ကို ပြောင်းလဲကျင့်သုံးတာကြောင့် ရောဂါဖြစ်ပွားနေတဲ့ အတောအတွင်း အဆောင်မှာပဲ ဆက်ပြီး စာသင်ရတယ်လို့ ပြောပါတယ်။ ဆရာတွေအနေနဲ့ ခါတိုင်းစာသင်ခန်းထဲမှာ သင်တာထက် ပိုဂရုစိုက် အားထုတ်ကြတယ်။ ရည်ညွှန်းကိုးကားရမယ့် စာအုပ်လင့်တွေပါ ပါလာတာကြောင့် စာကြည့်တိုက်မှာ သွားရှာစရာမလိုဘူးလို့ ပြောပါတယ်။ အခုရက်ပိုင်းအတွင်း ရောဂါထိန်းချုပ်လာနိုင်လို့ အချို့ပြည်နယ်ကကျောင်းတွေ ပြန်ဖွင့်လာနိုင်ပြီလို့လည်း သူမက ပြောပါတယ်။ သူမတက်နေတဲ့ ပညာရေးတက္ကသိုလ်မှာ ရောဂါဖြစ်ပွားတဲ့ ကာလအတွင်း စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကို ကူညီ ဖြေရှင်းပေးဖို့ စိတ်ပညာဌာနက တာဝန်ယူထားတယ်လို့လည်းပြောပါတယ်။

အင်္ဂလန်နိုင်ငံရဲ့ သုတေသီတွေ ထုတ်ပြန်ချက်အရ ကိုဗစ်နိုင်တင်းဟာ ၂၀၂၁ခုနှစ် နွေဦးရာသီ လောက်အထိ ဖြစ်နိုင်တယ်လို့ ခန့်မှန်းပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ ဆေးရုံတွေမလုံလောက်ရင် သုံးဖို့ အပြင်ကပုဂ္ဂလိကဆေးရုံတွေကို အကူအညီတောင်းခံနေရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထောက်ခံထားတဲ့ BMJ ဝဘ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
မန္တလေးက စီးပွားရေးလုပ်ငန်းရှင် ကိုဇော်မင်းထွန်းကတော့ ပြောရရင် လက်ရှိကိုဗစ်နိုင်တင်း (COVID-19) က ဘယ်လောက်အထိသွားမှာလဲ။ အဲဒါကို ဘယ်ပညာရှင်တွေရဲ့ဟာ ကျွန်တော်တို့ယူမှာလဲ ဆိုတာကို ပထမဆုံးစဉ်းစားရမယ်။ သုံးလသွားမှာလား၊ ခြောက်လသွားမှာလား၊ တစ်နှစ်သွားမှာလား၊ အဲဒီအတွက်က ရေတိုရေရှည်အစီအစဉ် ကျွန်တော်တို့ဆီမှာ ဘာရှိလဲပေါ့နော်။ ကျွန်တော်ပြောတာ ကျန်းမာရေးဘက်က ပြောတာမဟုတ်ဘူး။ စီးပွားရေးပိုင်းက ပြောတာဖြစ်ပါတယ်။

အခွန်လျှော့မယ်တို့ နောက်တစ်ခုက ပေးရမယ့်အခွန်ကို ရက်ရွှေ့တယ်ဆိုတာတွေက နောက် ချေးငွေ ထုတ်ချေးမယ် ဆိုတဲ့ဟာတွေက တကယ်အလုပ်ဖြစ်ပါ့မလားဆိုတာ စိုးရိမ်တယ်။ ခုတ်ရာတစ်ခြား၊ ရှရာတစ်ခြားဖြစ်မှာ၊ အနာနဲ့ဆေး တခြားစီ ဖြစ်မှာ နည်းနည်းလေးကြောက်တယ်။

ကျွန်တော်တို့အများစုရဲ့ SME ပေါ့နော် ကျွန်တော်တို့အကြီးတွေကလည်း ပုံမှန်ထိတာပါပဲ၊ အလတ်စားပေါ့နော်၊ အလတ်စားဆိုသော်လည်း အသေးစားများပါတယ်။ အဲဒါတွေကို ပြင်ဆင်ဖို့ Awareness (အသိပညာပေးမှု)ကို လုပ်ဖို့လိုလိမ့်မယ်ဗျ။ ဆိုတော့ စီးပွားရေးသမားတွေအားလုံး သိနေပြီလေ။ စီးပွားကျတော့မယ်၊ ကျနေပြီ၊ အခြေအနေမကောင်းဘူး။ နဂိုတည်းကမှ ကျွန်တော်တို့က နူရာဝဲစွဲ၊ လဲရာ သူခိုးထောင်း လေ။ ကျွန်တော်တို့ နဂိုကမှ စီးပွားမကောင်းဘူး။ မကောင်းတဲ့ ကြားထဲက ဒီဟာဖြစ်လာတယ်။ အဲအတွက်ကို အစိုးရက ဖြေလျှော့တာအပြင်၊ သူတို့လုပ်သင့်လုပ်ထိုက်တဲ့ဟာကို စီးပွားရေးပညာရှင်တွေနဲ့ တိုင်ပင်ပြီးတော့၊ Awareness (အသိပညာပေးမှု) လုပ်ပေးသင့်တယ်။ ဆိုတော့ နီးစပ်ရာဖြစ်ဖြစ် မတူဘူးပေါ့လေ။ ဆိုလိုတာ လက်ရှိမှာတော့ လူစုလူဝေးလုပ်လို့မရဘူးဆိုပေမယ့် ပုံမှန် E-commerce (အွန်လိုင်းချိတ်ဆက်မှုကို အသုံးပြုပြီး၊ အွန်လိုင်းဖြင့် ကုန်ပစ္စည်းရောင်းဝယ်ခြင်း) ဘက်ကဖြစ်ဖြစ် လုပ်သင့်တယ်လို့မြင်တယ်။ အဲဒါလေးတွေ Awareness (အသိပညာပေးမှု) ကိုသေချာရမှ ရေရှည်မှာ ကျွန်တော်တို့ နည်းနည်းလေးပိုပြီး ရပ်တည်ဖို့ လွယ်လိမ့်မယ်။ မဟုတ်ရင် ပြုတ်ဆင်းသွားလိမ့်မယ်။

ယူကေမှာဆို မတ်လ ၁၉၊ ၂၀ရက်မှာ CBT (Community-based Tourism လူမှုအခြေပြု ခရီးသွားလုပ်ငန်း) အနေနဲ့ သူတို့ ကြိုပြီးတော့ အလုပ်ရုံဆွေးနွေးပွဲတစ်ခု လုပ်ထားတယ်။ နိုင်ငံတစ်ခုနဲ့ တစ်ခုမတူဘူး။ စီးပွားရေးအခြေအနေတွေ မတူကြဘူး။ အဲတော့ အနောက်နိုင်ငံတွေနဲ့ ကြုံရမယ့်ဟာနဲ့ မတူနိုင်ဘူး။ ကျွန်တော်တို့လိုနိုင်ငံလေးမှာ ဘယ်လိုပုံစံရပ်တည်မယ်ဆိုတာ တော်တော်အရေးကြီးတယ်ဗျ။ ဘာလို့ဆိုတော့ တအားကြီး လူလတ်တန်းစား ပျောက်သွားခဲ့ရင် တိုင်းပြည်က နဂိုကမှ ယဲ့ယဲ့ရယ်ဗျ။ စီးပွားရေးအရပြောတာပေါ့နော်။ တော်တော်လေး အဆင်မပြေနေတဲ့အချိန်မှာ ပိုပြီးရှုပ်ထွေးသွားမှာ ကျွန်တော်တော့ ပိုပြီးစိုးရိမ်တယ်။ အဲတွက်ကို ဘယ်လောက်ပြင်ကြမလဲ။ ပြင်မယ်ဆိုတာအတွက်က တကယ်ရော စီးပွားရေး လုပ်ငန်းရှင်တွေရော Awareness (နားလည်သဘောပေါက်မှု) ရောရှိရဲ့လား။ သူတို့ရော သုံးလ၊ ခြောက်လ၊ တစ်နှစ်အတွက် ပြင်ဖို့ စိတ်ထဲမှာရော တကယ် ဆုံးဖြတ်ပြီးပြီလား။ အဲဒါလေးတွေ လိုတယ်ဗျ။ တကယ်သူတို့မပြင်ချင်ရင် ပြင်ဖို့အဆင်သင့်မဖြစ်သေးရင်လည်း ခက်တယ်။

တိုင်းပြည်တော်တော်များများမှာ Lock Down (လော့ဒေါင်း)ဖြစ်တယ်။ လော့ဒေါင်းဖြစ်သွားခဲ့ရင် ဝန်ထမ်းတွေရဲ့အနေအထား၊ ဒါကတော့ ရေတိုပေါ့။ လက်တလောဖြစ်နေတဲ့ အနေအထား၊ သူတို့အတွက်ကို လုပ်ငန်းရှင်က လခမပေးနိုင်တော့ရင် အဲဒါတွေကို ကျွန်တော်တို့ နိုင်ငံတော်က ဘယ်လိုပုံစံစဉ်းစားမလဲပေါ့။ ပွင့်ပွင့်လင်းလင်းပြောရရင် လုပ်ငန်းရှင်တွေက၊ ဒါမှမဟုတ် အလှူရှင်တွေက ဆန်လေး သုံးပြည်လောက်ပေးရုံနဲ့ ဒီပြဿနာပြေလည်သွားမှာ မဟုတ်ဘူးဗျ။ ရေရှည် ဆိုလိုတာ တစ်လသွားမှာလား၊ နှစ်လသွားမှာလား၊ သုံးလသွားမှာလား ကျွန်တော်တို့ အဲဒါလေး ကြိုပြီးတော့ နိုင်ငံတော်အပိုင်းကရော၊ စီးပွားရေးလုပ်ငန်းရှင်အပိုင်းကရော လုပ်သင့်လုပ်ထိုက်တာကို မြန်မြန်လုပ်ဖို့တော့ လိုလိမ့်မယ်။

ချေးငွေလို့ပြောရင်လည်း စီးပွားရေးလုပ်ငန်းဆက်လုပ်ဖို့ရော ကျွန်တော်တို့ အခြေအနေ ပေးမှာလား၊ အဲဒီပိုက်ဆံယူထားပြီး အတိုးပိသွားတာပဲ ထပ်ပြီးအဖက်တင်မှာလား၊ သို့မဟုတ် ဝန်ထမ်းကိုပဲ ပိုက်ဆံချေးလိုက်လို့ အဲဒီပိုက်ဆံကို ဘယ်အချိန်ပြန်ဆက်ရမှာလဲ၊ မနေ့ကပြောသလိုပေါ့နော် (နိုင်ငံတော်အတိုင်ပင်ခံ အစီရင်ခံတင်ပြမှုကို ဆိုလို) တစ်နှစ်အတိုးနှုန်း တစ်ရာခိုင်နှုန်းပေါ့နော်၊ အဲဒါက ဒီတစ်နှစ်အတွင်းမှာ စီးပွားရေး ပြန်နာလန်ထူမယ်လို့ ယူဆလို့လား။

တကယ်တမ်း ပွင့်ပွင့်လင်းလင်းပြောကြကြေးဆို ကျွန်တော်တို့အားလုံးက ပျောက်သောလမ်းမှာ စမ်းတဝါးဝါး လျှောက်ရမှာဗျ။ ဒီလိုအဖြစ်အပျက်မျိုးက ကျွန်တော်ထင်တယ် Digital Age (ဒစ်ဂျစ်တယ်ခေတ်) ပေါ့နော် ဒီဘက်ခေတ်မှာ ဒါပထမဦးဆုံးဖြစ်တဲ့ ပြဿနာဗျ။ ခါတိုင်းက စစ်ပွဲ တွေလောက်ဖြစ်တာ။ သို့မဟုတ်လည်း နိုင်ငံတစ်ခုနဲ့တစ်ခုဖြစ်တာ။ ဒါဒီလောက်ကြီး ပျံ့တဲ့ဟာ မဟုတ်ဘူး။ အဲဒီအတွက် ကျွန်တော်တို့ စီးပွားရေးသမားတွေရော၊ ပြည်သူရော၊ နိုင်ငံတော်ရော ဝိုင်းပြီး စဉ်းစားရမယ့်အချက်တွေ ပိုပြီးသုံးသပ်မယ့်အချက်တွေ ပိုပြီးများပြားရှုပ်ထွေးလိမ့်မယ်ဗျ။ ဒီလို Impact (နောက်ဆက်တွဲအကျိုးသက်ရောက်မှု)မျိုးက ရေရှည်ခက်မှာမျိုး ဖြစ်နေတာကိုးလို့ သူ့အမြင်ကို ပြောပါတယ်။

ကိုဗစ်နိုင်တင်း (COVID-19) ကူးစက်ကပ်ရောဂါအတွက် အခုချိန်ထိ ကုသဆေး စမ်းသပ်ရှာဖွေ နေဆဲပါ။ ၂၀၁၆ခုနှစ်က ဂျပန်အစိုးရက ဂီနီနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အီဘိုလာဗိုင်းရပ်စ်ကူးစက်မှုကို တိုက်ဖျက်ဖို့ ထုတ်လုပ်ပေးခဲ့တဲ့ ဖာဗီပိုင်ရိုင်ဗာ (favipiravir)ဆေးဟာ လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်နိုင်တင်း (COVID-19)ရောဂါကုသရာမှာ ထူးခြားမှုရှိတယ်လို့ တရုတ်သိပ္ပံနှင့် နည်းပညာ ဌာနတာဝန်ရှိသူ မစ္စတာကျန်ရှင်မင်က မတ်လ ၁၇ရက်က သတင်းထောက်တွေကို ထုတ်ဖော် ပြောကြားခဲ့တယ်။ ဒါပေမယ့်လည်း ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက အဲဒီဆေးဟာ ရောဂါပျံ့နှံ့ပြီးသား လူနာတွေမှာ သက်ရောက်မှုမရှိဘူးလို့ ပြန်ပြောခဲ့တာပါ။ မတ်လ ၂၀ရက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ထုတ်ပြန်ချက်မှာတော့ ကိုဗစ်နိုင်တင်း (COVID-19) ရောဂါစတင်ဖြစ်ပွားရာ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ နောက်ထပ်ရောဂါကူးစက်မှုအသစ် မရှိတော့ဘူးလို့ သတင်းပေးပို့ချက်တွေကို ကိုးကားပြီး ကြေညာထားပါတယ်။ အဲဒါအပြင် ရောဂါကူးစက်ခံရတဲ့ နိုင်ငံတွေအနေနဲ့ ညီညီညွှတ်ညွှတ်နဲ့ ဒီရောဂါကို တွန်းလှန်ဖို့ တိုက်တွန်းထားပါတယ်။
အောင်မျိုးထွန်းကျော်
မတ်လ ၂၆ရက် ၂၀၂၀

No comments

Powered by Blogger.