ဖုတ်သွင်းရထား
ဘဒ္ဒ ဤကမ္ဘာ နိမိတ်ထွန်းပါတဲ့ ကျွန်းမြတ်ဇမ္ဗူဒီပါ ဘုရားငါးဆူပွင့်တော်မူရာ ဒိဋ္ဌမှန်ပေတာ.....
စကြဝတေးမဏ္ဍပ်မင်းတို့ မြင့်မြတ်တဲ့ရာဇာ ..... သာကီနွယ်ဝင်ဘုရင်များမှာ
ထီးနန်းနဲ့လည်း ဝေးရှာ တို့မြန်မာပြည်မှာ....
ဗုဒ္ဓဘာသာရောင်ဝါညှိုးလို့ တို့အမျိုး တန်ခိုးကင်းကွာ ဖြေမဆည်နိုင်ပေတာ
.....
.................................................
..................................................................
ပြည်သူပြည်သား၊ မူးမတ်များနဲ့ ပညာတော်ရှိ ကဝိဆရာ သူတော်စင်ပုရောဟိတ်တွေ
နိမိတ်ကို ဆောင်ယူကာ.....
ဇေယတုနဲ့ ငွေခရုသင်္ခါ ကောင်းမြတ်ချိန်မှာ .... ရတနာထွေပြား စီခြယ်ကာထားပါတဲ့
သမုဒ္ဒရာ ကြာအဆင်နဲ့ ရထားမြတ်ကို ..... မြင်းလေးစီးကစေတာ ..... ရွှေဘုန်းရှင် တင်ချင်စရာ
..... မင်းမြောက်တန်ဆာငါးပါးနဲ့သာ ..... တိုင်းခန်းကို လှည့်ရပေတာ ......
သဟာယဆရာတင်ရေးတဲ့ ဖုတ်သွင်းရထားသီချင်းကို
ပြန်ဆိုထားတာတွေရှိပေမယ့် အသံတွေမကြိုက်၊ မတိုး တာကြောင့်
ပြည်လှဖေရဲ့အသံနဲ့နားထောင်မိတယ်။ အဲဒီ သီချင်းကိုနားထောင်ရင်း အခုလိုဆဝါးမိပါတော့တယ်။
ဖုဿရထန္တိ မင်္ဂလရထံဆိုတဲ့အတွက်
ဖုတ်တစ္ဆေတွေ၊ နတ်စိမ်းတွေ၊ အောက်လမ်းနည်းတွေနဲ့ စီရင်ထားတဲ့ ရထားမဟုတ်ဘူး။
မင်းစီးခဲ့တဲ့မင်္ဂလာရထားကို ဖုတ်သွင်းရထားလို့ခေါ်တာ။ ပုဿနက္ခတ်ယှဉ်ခိုက်မှာ
တည်ဆောက် ထားတဲ့ ရထားဖြစ်လို့လည်း ဖုဿရထားလို့ နောက်တစ်နည်းခေါ်သေးတယ်။
ဇာတ်ပါဠိတော် နိဿယမှာ ဖုတ်သွင်းရထားလို့ ဘာသာပြန်တာကြောင့် မဟာဇနကဇာတ်တော်မှာ မင်းဘူး
ဦးဩဘာသက ဖုတ်သွင်းရထားလို့ ရေးခဲ့တာဖြစ်တယ်။
မြင်းလေးစီးကရတဲ့
အဲဒီရထားကို မောင်းသူမပါဘဲ လူတွေရဲ့သစ္စာအဓိဋ္ဌာန်နဲ့သွားစေတာ။ သမ္မာဒေဝနတ်ကောင်း၊
နတ်မြတ်တွေရဲ့ တံခိုးဣဒ္ဓိပါဒ်နဲ့သွားစေတာလည်းမဟုတ်ဘူး။ အဲဒီရထားပေါ်မှာ
မင်းမြောက်တန်ဆာငါးပါးတင်ပြီး မင်းဖြစ်ထိုက်သူရှိရာအရပ်မှာ ရပ်ပါစေသတည်းဆိုပြီး
သစ္စာအဓိဋ္ဌာန်နဲ့ မင်းအရှာထွက်စေတာမျိုးပါ။
တိုင်းပြည်အုပ်ချုပ်မင်းလုပ်ရမယ့်သူ
ရွေးချယ်ရာမှာ အဲဒီဖုတ်သွင်းရထားပေါ်မှာချည်းပုံအပ်ထားတာမျိုးလည်း မဟုတ် ပြန်ဘူး။
အဲဒီဖုတ်သွင်းရထားရဲ့နောက်ကနေ မူးမတ်ဗိုလ်ပါ၊ စစ်အင်္ဂါလေးပါးခြံရံပြီး
မင်းလောင်းရှာထွက်ကြတာမျိုး။
မဟာဇနကဇာတ်တော်မှာ ကျောက်ဖျာထက်အိပ်နေတဲ့
မင်းလောင်းကို ဘုရင်ဖြစ်ထိုက်တဲ့ ကြန်အင်လက္ခဏာ ရှိမရှိ ပညာရှိပုရောဟိတ်အမတ်တွေက
စစ်ဆေးသေးတာ။ ဘုရင်ဖြစ်ထိုက်တဲ့ ကြန်အင်လက္ခဏာနဲ့ မပြည့်စုံဘူးဆိုရင်
လှည့်ပြန်ချင်ပြန်လိမ့်မယ်။ ထပ်ရှာချင်ရှာလိမ့်မယ်။ သို့သော်
လူအများရဲ့သစ္စာအဓိဋ္ဌာန်နဲ့ရှာဖွေတွေ့ရှိထားတဲ့ မင်းလောင်းဆိုတာ
ကြန်အင်လက္ခဏာနဲ့ပြည့်စုံတာသာဖြစ်လို့ ဇာတ်တော်တွေထဲမှာ
လှည့်ပြန်ရတယ်ဆိုတာမျိုးတော့ မတွေ့ဖူးဘူး။ ဒါကရုပ်ပိုင်းဆိုင်ရာကို စစ်ဆေးတာပေါ့၊
စိတ်ပိုင်းဆိုင်ရာကို စစ်ဆေးတဲ့အခါ အကြောက်တရားရှိသလား၊ သမ္မာဓိအားကောင်းရဲ့လားလို့ စစ်တဲ့အခါ အနားကပ်ပြီး အမြောက်နဲ့ချည်းထုတာပဲ။ အဲဒီလို အမြောက်နဲ့ထုတာ
တောင် မတုန်မလှုပ်ရှိမှ ဘုရင်းဖြစ်ထိုက်တာ။ ဒါတွင်ဘယ်ကလိမ့်မတုန်း
ပညာရှိအမတ်တွေရဲ့ ခက်ခဲလှတဲ့ မေးခွန်းတွေ ကိုလည်း ဖြေရသေးတာ။
ဒါကပညာရှိမရှိစမ်းသပ်တာပေါ့။ ဒါတွင်ပဲလား ဘယ်ဟုတ်လိမ့်မတုန်း တိုင်းပြည်အုပ်ချုပ် မင်းလုပ်မယ့်သူဆိုတာ
မင်းကျင့်တရားဆယ်ပါးတို့၊ သင်္ဂဟဝတ္ထုလေးပါးတို့ကို သိရဲ့လားဆိုတဲ့ ကိုယ်ကျင့်အဘိဓမ္မာကို
လို့လည်း အစစ်ဆေးခံရသေးတာ။
မင်းကျင့်တရားဆယ်ပါးဆိုတာ ဘာတွေတုန်းဆိုတော့
အလှူပေးခြင်း၊ ငါးပါးသီလ ဆောက်တည်ခြင်း၊ ပေးကမ်း စွန့်ကြဲ ခြင်း၊ ဖြောင့်မတ်ခြင်း၊
နူးညံ့ခြင်း၊ ရှစ်ပါးသီလ ဆောက်တည်ခြင်း၊ အမျက်မထွက်ခြင်း၊ ပြည်သူတို့ကို
မညှဉ်းဆဲခြင်း၊ သည်းခံခြင်း၊ ပြည်သူတို့နှင့် မဆန့်ကျင်ခြင်းဆိုတဲ့အချက်တွေပေါ့။
ဒါဆို
သင်္ဂဟဝတ္ထုလေးပါးဆိုတာကရောဆိုတော့ ထွက်ပေါ်လာတဲ့သီးနှံတွေထဲက
ဆယ်ပုံတစ်ပုံကိုသာ အခွန်ကောက် ခြင်း၊ အမှုထမ်းကောင်း၊ အရာထမ်းကောင်းတွေကို
လစာပြည့်ပြည့်ဝဝပေးခြင်း၊ ဆင်းရဲတဲ့ပုဂ္ဂိုလ်တွေကို အတိုးမဲ့
ငွေထုတ်ချေးပေးခြင်း(သုံးနှစ်အတိုးမယူဘဲပေးခြင်း)၊ တိုင်းသူပြည်သားတွေနဲ့
ဆက်ဆံပြောကြားတဲ့အခါမှာ ဦးလေးတို့၊ အဒေါ်တို့၊ အစ်ကိုတို့ ဒီလိုစကားတွေနဲ့
ဆက်သွယ်ပြီးတော့ စကားပြောခြင်းပါတဲ့။
အဲဒီလိုနည်းနဲ့ ရွေးချယ်ထားတဲ့
ရှင်ဘုရင်တွေဆိုတာ ဘုန်းရှင်ကံရှင်တွေ၊ ဉာဏ်ပညာနဲ့ပြည့်စုံသူတွေ၊ ကိုယ်ချင်း
စာတရားနဲ့ပြည့်စုံသူတွေသာဖြစ်ပါသတဲ့။ ဒီလိုဘုရင်ကောင်းဘုရင်မြတ်တွေ
အုပ်ချုပ်ပြီဟေ့ဆိုရင် တိုင်းပြည်ဟာ စည်ပင်ဝပြောတော့တာပါပဲ။
သို့သော် တိုင်းပြည်ရဲ့ထောက်တိုင်းလုပ်ရမယ့်
မင်းမှုထမ်းတွေ အကျင့်ပျက်တဲ့အခါမျိုးတွေမှာတော့ ဆက်ခံမယ့်
မင်းလောင်းမရှိလည်းအရေးမကြီးဘူး။ ဖုတ်သွင်းရထားဆိုတာလည်း
ဖုတ်လေတဲ့ငပိရှိစရာမလိုဘူး။ သူတို့ ကိုယ်တိုင်နဲ့
သူတို့အမျိုးတွေကသာ တိုင်းပြည်ကိုတက် မင်းလုပ်အုပ်ချုပ်ကြတော့တာ။ အဲဒီလိုအခါ
တိုင်းပြည်ဟာ အစစအရာရာဆုတ်ယုတ်လားပြီး နောက်ဆုံးတော့
တိုင်းပြည်ပျက်တော့တာပါပဲ။ ဘယ်လောက်တောင် တိုင်းပြည်ပျက် တာလဲဆိုရင်
နောက်ပိုင်းသမိုင်းသုတေသီတွေက ကမ္ဘာ့မြေပုံရဲ့ ဘယ်နေရာမှာ
ဒီတိုင်းပြည်ရှိခဲ့တာပါလိမ့်လို့ အစအန ခြေရာပြန်ကောက်လို့ မရလောက်တဲ့အထိအောင်
ပျက်စီးကြရတာပါ။
မင်းကျင့်တရားဆယ်ပါးဆိုတာ သိဖို့မလိုသလို၊
သင်္ဂဟဝတ္ထုလေးပါးဆိုတာလည်း လာမပြောနဲ့။ သင်္ဂဟဝတ္ထုလေးပါး နဲ့ပတ်သက်ပြီး
အလွဲသုံးစားလုပ်ခဲ့တဲ့အဖြစ်က အထောက်အထားရှိတယ်။ ဇာတ်တော်တခုထဲမယ်ပေါ့ သကျ သာကီဝင်စုက
ဩက္ကာကမင်းကြီးလက်ထက် ပုဏ္ဏားယုတ်တွေက သင်္ဂဟဝတ္ထုလေးပါးကို စကားလုံးအသစ်တွေနဲ့
အစားထိုးပြီး သူတို့အကျိုးအတွက် သုံးခဲ့သတဲ့။
မူလက သဿမေဓ(ထွက်ပေါ်လာတဲ့သီးနှံတွေထဲက
ဆယ်ပုံတစ်ပုံကိုသာ အခွန်ကောက်ခြင်း)၊ ပုရိသမေဓ (အမှုထမ်းကောင်း၊
အရာထမ်းကောင်းတွေကို လစာပြည့်ပြည့်ဝဝပေးခြင်း)၊ သမ္မာပါသ(ဆင်းရဲတဲ့ပုဂ္ဂိုလ်တွေကို
အတိုးမဲ့ ငွေထုတ်ချေးပေးခြင်း(သုံးနှစ်အတိုးမယူဘဲပေးခြင်း))၊
ဝါစာပေယျ(တိုင်းသူပြည်သားတွေနဲ့ ဆက်ဆံပြောကြားတဲ့ အခါမှာ ဦးလေးတို့၊ အဒေါ်တို့၊
အစ်ကိုတို့ ဒီလိုစကားတွေနဲ့ ဆက်သွယ်ပြီးတော့ စကားပြောခြင်း) ဆိုတဲ့ အဲဒီပါဠိ
တွေနေရာမှာ အခုလိုအစားထိုးလိုက်တယ်။ သဿမေဓ ဆိုတဲ့ပါဠိမှာ အဿမေဓလို့အစားထိုးတယ်။
မေဓဆိုတာ အသိဉာဏ်ဆိုတဲ့စကားလုံးကနေ သတ်ဖြတ်ခြင်းဆိုတဲ့
အဓိပ္ပာယ်နဲ့အစားထိုးခံရတယ်။ အဿမေဓ မြင်းတွေကို သတ်ပြီးယဇ်ပူဇော်ရမတဲ့။ ပုရိသမေဓ
လူယောက်ျားတွေကိုသတ်ပြီး ယဇ်ပူဇော်ရမတဲ့။ အဲဒီလို ယဇ်ပူဇော်တဲ့အခါ သမ္မာပါသတဲ့ နွားထမ်းပိုးက နွားတွေဘေးထွတ်မသွားအောင်ထိန်းတဲ့ လည်ပတ်ကြိုးနေရာက
တုတ်တို (ထမ်းပိုးကျည်း) ပစ်လိုက်လို့ ကျတဲ့အရပ်မှာ ယဇ်ပုလ္လင်လုပ်ရမတဲ့။ ဝါစာပေယျကို
ဝါဇပေယတဲ့ မန္တန်စုပ်ထားတဲ့ ထောပတ်တို့ ဆီတို့ကို သောက်ပြီးတော့ ယဇ်ပူဇော်ရမတဲ့လေ။
ဘယ်လောက်ဆိုးတဲ့ ပုဏ္ဏားတွေလဲဆိုတာ။
အဲဒီလိုပုဏ္ဏားတွေရဲ့ အကြံဉာဏ်တွေနဲ့ တည်ဆောက်ထားတဲ့ တိုင်းပြည်မှာနေရတဲ့
တိုင်းသူပြည်သားတွေဆိုတာ ဘယ်မှာလာပြီး အေးအေးချမ်းချမ်းနေကြရလိမ့်မလဲလေ။ အချိန်တိုင်း ကျီးလန့်စာစားနေရသလိုပဲဖြစ်တော့မပေါ့။
အောင်မျိုးထွန်းကျော်
ဇန်နဝါရီလ ၆ရက် ၂၀၂၁
No comments
Post a Comment