အိမ်မစောင့်ခွေး
အိမ်ကို ပြီးခဲ့တဲ့နှစ်မိုးတွင်းကြီး လမ်းဘေးက ခွေးမတစ်ကောင်ရောက်လာခဲ့တယ်။
ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းဆိုသလို အိမ်ပေါ်တက်ဖို့ လှေကားပေါ်ပြေးတက်တယ်။
ဒီခွေးမ အတော်ခွေးပါးဝပါလား။ သွား အခုဆင်းစမ်းဆို မောင်းချရတယ်။
ခဏနေတော့ အိမ်ရှေ့ဘေးလေးကပ်ပြီး အဲဒီခွေးမ ခွေးလေးတစ်ကောင်ပေါက်တယ်။
ဪ ခမျာ အပျိုဗိုက်ထင်ပါရဲ့ မအောင့်နိုင်မအည်းနိုင် မွေးချင်လို့ နေရာရှာနေတာကိုလို့ ကရုဏာသက်မိတယ်။
ဒီတော့မှသေချာကြည့်မိ။ လက်စတော့ ပြီးခဲ့တဲ့အရင်ရက်တွေက အိမ်ကအငယ်မ ကျွေးမွေးနေတဲ့ခွေးပဲ။
ဒါကြောင့် သူဒီကိုလာတာ။
ဟဲ့ အငယ်မ ညည်းကျွေးနေတဲ့ခွေးက အိမ်ရှေ့မှာ လာမွေးနေတယ်လုပ်ဦးဆိုတော့ ပျာပျာ ပျာပျာနဲ့ ဆင်းလာတယ်။
ဘယ်မှာလဲ။ ဘယ်မှာလဲ။
ဟိုမှာလေ။
ဟင် တစ်ကောင်တည်းလား။ သူများခွေးတွေဆို အများကြီးမွေးတာပါ။
အငယ်မက ကြောင်တွေ၊ ခွေးတွေချစ်တတ်တယ်။ အရင် ကြောင်တွေအပြုံကြီးမွေးထားတုန်းက မနည်း ရှင်းထုတ် ထားရတာ။
ကြိုပြောမယ်နော် ကိုယ့်အိမ်က ဧည့်သည်ပြတ်တာမဟုတ်ဘူး။ ခွေးမွေးဖို့မစဉ်းစားနဲ့။ ကိုက်နေရင် ပြဿနာတက်နေမယ်။
အငယ်မဆီက ဘာတုံ့ပြန်သံမှမကြားရ။ ပြောသာပြောရတာ သူမွေးတော့မယ်ဆိုတာတော့ သိပြီးသားပါ။ တစ်ကောင် တည်းဆိုတော့ သိပ်ပြဿနာမရှိပါဘူးပေါ့။
ဒီလိုနဲ့ မိုးရွာတဲ့ညတွေမှာ သားအမိနှစ်ယောက် အိမ်ထဲထည့်သိပ်။ သွေးနုသားနုနဲ့ တစ်ခုခုဖြစ်သွားမှ စိုးသကိုး။ မိုးမရွာတဲ့အချိန် အိမ်ရှေ့သိပ်။ သူတို့ခွေးသားအမိ လမ်းဘေးခွေးသာဆိုတယ်၊ အတော်ဇိမ်ကျတယ်။ စောင်တွေ၊ ဂွမ်းကပ်တွေနဲ့။
အဲ ဇာတ်လမ်းက စလာတယ်။ သူတို့အတွက် ပေးထားတဲ့ စောင်တွေ၊ ဂွမ်းကပ်တွေ ဘယ်အမှိုက်ကောက်က ယူသွားတယ်မသိဘူး။ သိပ်မကြာဘူး။ ပျောက်ကုန်တယ်။
ဟဲ့ကောင်မ နင့်ဟာက အိမ်စောင့်ဖို့နေနေသာသာ နင့်အတွက်ပေးထားတဲ့ ပစ္စည်းတောင် လုံခြုံအောင် မကာကွယ်နိုင်ပါ့လား ဟန်။
ဒါတွင်ပဲလားဆို။ မဟုတ်သေးဘူး။ ခါတိုင်းသိမ်းနေကြအမှိုက်ပုံးကို သူရှိတယ်ဆိုပြီး မသိမ်းဘဲထားတာ။ အမှိုက်ပုံးပါ မ သွားပါရောလား။ သူ့ယုံမိလို့ ဆုံးရှုံးတာ အမှိုက်ပုံး သုံးပုံးတောင်။ အခုတော့ မယုံရဲတော့ဘူး။
ဒီဆောင်းတွင်းတတွင်းလုံး အိမ်ကအငယ်မက ခွေးပေါက်စကို အိမ်အပေါ်ဆုံးထပ် သူ့အခန်းထဲခေါ်သိပ်တယ်။ အစက သူ့အမေပါခေါ်သိပ်လို့။
ဟဲ့ အိမ်ခေါင်မိုးပေါ် ခွေးတက်တယ်ဆိုတာ ကောင်းတဲ့ကိစ္စမဟုတ်ဘူး။ နင့်ခွေးတွေ မတင်နဲ့ အောက်မှာထား ပြောရတယ်။ ခွေးနေရာ ခွေးထားမှပေါ့ ဘယ်နှယ် လူတွေနဲ့ ရောရောနှောနှော။
အငယ်မက တထစ်လျှော့ပေးတယ်။ ခွေးမကြီးကို အိမ်ပေါ်မတင်တော့ဘူး။ ခွေးပေါက်စကိုတော့ အပြင်မထားဘူး။ သူ့အခန်းထဲမှာပဲ သိပ်တယ်။
အံမယ် ကိုယ်မသိလိုက်ခင် အငယ်မဆင်ပေးထားတာ။ ခွေးသားအမိက ခွေးအနွေးထည်တွေနဲ့။ လမ်းဘေးခွေးချင်း တောင် မနာလိုချင်စရာကြီး။
ဒီဆောင်းတတွင်းလုံး ခွေးပေါက်စ အိမ်အပေါ်ဆုံးထပ်မှာ နေရတယ်။ အကျင့်ပါလာပုံက သင်းက တစ်နေကုန် အိမ်ရှေ့ မှာကို မနေချင်တော့ဘူး။ အိမ်ပေါ်ပဲ တက်နေချင်တော့တာ။ အိမ်မှာ အငယ်မကလွဲပြီး ကျန်တဲ့သူတွေက ဒီခွေး သားအမိကို လက်မခံဘူး။
လက်မခံဆို ကြည့်လေ။ အိမ်ကို ဧည့်သည်လာပြီဆို အမေလုပ်သူက ရန်သူမှန်းမသိ၊ မိတ်ဆွေမှန်းမသိ ဟောင်တယ်။ ဟဲ့လုပ်မရ၊ ဟွန်းလုပ်မရ။ အဆိုးဆုံးက ခွေးပေါက်စ။ ဧည့်သည်ခြေရင်းနား ကပ်ကပ်ထိုင်ပြီး တဗျင်းဗျင်းနဲ့ ကုတ်တယ်။ ခွေးသန်းရှိလိုလားဆိုတော့ မဟုတ်ပါဘူး။ အငယ်မက ရေမပြတ်ချိုး၊ သန့်ရှင်းပေးနေကြ ဘယ်မှာလာ ခွေးသန်းရှိမလဲ။ လမ်းဘေး ခွေးဆိုတော့ စရိုက် မကောင်းတာ။ ရွံတတ်တဲ့ ဧည်သည်တွေက ဒါမျိုးဘယ်လက်ခံချင်ပါ့မလဲ။
အဲဒီတော့ အိမ်ကလူတွေက အငယ်မလစ်ပြီ၊ အပြင်သွားပြီဆိုတာနဲ့ ခွေးပေါက်စကို မောင်းချကြတယ်။ မာယာများတဲ့ ခွေးပေါက်စ တအီအီ တဂိန်ဂိန်နဲ့ အသံပြုတယ်။
အိမ်ရှေ့နေတဲ့ သူ့အမေက သူကလေးရဲ့ ပုံမှန်မဟုတ်တဲ့ အသံကြားရင် အခြားလူသာ ရန်မလုပ်ရဲတာ။ အိမ်ကလူတွေကို ရန်လုပ်ချင်ချင်။
အံမယ်နင်တို့သားအမိက တယ်စည်းလုံးပါလား။ အိမ်ရှေ့နေ၊ ကျွေးတာစား၊ ဘာမှလုံခြုံအောင် အိမ်စောင့်မရဘဲ ရန်လုပ်ချင်သေးတယ်။ အေး တွေ့ကြသေးတာပေါ့။
အဲဒီနေ့က စပြီး အိမ်မှာပိုနေတဲ့ ဝါယာထိန်းရိုက်တဲ့ ကစ်ရှင်းပြားကို နှစ်ပေရှစ်လက်မလောက်ဖြတ်လိုက်တယ်။ ဟောသည်မှာ ကြည့် မြင်လာ သားအမိနှစ်ယောက်လုံး နာသွားမယ်ဆိုပြီး ခွေးရိုက်ဖို့တုတ်ဆောင်ထားရတော့တယ်။
အောင်မျိုးထွန်းကျော်
ဇန်နဝါရီလ ၁၂ရက် ၂၀၂၁
(Based on true story)
No comments
Post a Comment