Header Ads

Header ADS

လက်ရှောင်မှုတွေအတွက် လျော်ကြေး


မြန်မာ့လူ့အဖွဲ့အစည်းမှာ ပြုပြင် ပြောင်းလဲစရာ အများကြီးရှိတယ်။ အဲဒီလို ပြုပြင်စရာတွေထဲမှာ (မလိုအပ်ဘဲ) အားနာတာလည်း ပါတယ်။ တကယ်တော့ အားနာ တယ်ဆိုတာ ကြောက်စိတ်တစ် မျိုးပါပဲ။ ပြောရဆိုရမှာ ကြောက် တယ်။ လုပ်ရကိုင်ရမှာ မဝံ့မရဲဖြစ် နေကြတယ်။ ငြိုငြင်ခံရမှာ စိုးကြ တယ်။ လက်ရှောင်သူတွေများ လာတဲ့ လူ့အဖွဲ့အစည်း ဘယ်ကို ဦးတည်မယ်လို့ ထင်ပါသလဲ။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ လက်ရှောင်သူတွေ များလာနေပြီ။ ပြောရမယ့်ကိစ္စတွေမှာ မပြောကြ ဘူး။ လုပ်ရမယ့် ကိစ္စတွေမှာ မလုပ်ဘူး။ ကိုယ့်အဖွဲ့အစည်းက လူ ငြိုငြင်မှာစိုးတယ်။ ကိုယ့်ခေါင်းဆောင် မကြိုက်မှာကြောက် တယ်။ အရေးမပါတဲ့ ကိစ္စတွေမှာ လက်ရှောင်ပြီး နှာစေးနေတာ ကိစ္စမရှိပေမယ့် တစ်မျိုးသားလုံးနဲ့ ဆိုင်တဲ့ကိစ္စတွေမှာ လက်ရှောင်ခဲ့ရင် ကျွန်တော်တို့လူ့အဖွဲ့အစည်း နာ လန်ထူဖို့ မလွယ်တော့ဘူး။

တကယ်တော့ လက်ရှောင် တယ်ဆိုကတည်းက တာဝန်ခံမှု၊တာဝန်ယူမှုမရှိတာပါပဲ။ တာဝန် သိရင် တာဝန်ရှိပါတယ်။ တာဝန် ရှိသူကတာဝန်ခံကြရစမြဲဖြစ် တယ်။ တာဝန်ကျေပွန်စေနိုင်ဖို့ တာဝန်ခံမှု၊ တာဝန်ယူမှု အလေ့ အထ ထွန်းကားရမှာဖြစ်တယ်။ တာဝန်ယူထားတဲ့ နယ်ပယ်ကျယ် ပြန့်ရင် ကျယ်ပြန့်သလောက် လက်ရှောင်ခဲ့ရင် လျော်ကြေးကြီး ကြီးမားမား ပေးဆပ်ရမှာဖြစ် တယ်။ တာဝန်မယူနိုင်ခဲ့ရင် တာ ဝန်ပေးစဉ်ကတည်းက ငြင်းပယ် လိုက်တာ အကောင်းဆုံးပါပဲ။ တာဝန်ယူပြီးရင်တော့ (မဖြစ်မ နေ)တာဝန်ကျေအောင် ထမ်းရွက် ဖို့သာ လိုပါတော့တယ်။ တာဝန် ပျက်ကွက်မှုတိုင်းအတွက်၊ ဖြစ် ပေါ်လာမယ့် အကျိုးဆက်တိုင်းအ တွက် ဘာအကြောင်းပြချက်နဲ့မှ ဆင်ခြေပေးလို့ မရနိုင်ပါဘူး။

လက်ရှောင်တာနဲ့ ပတ်သက် လို့ အကောင်းဆုံး ဥပမာတစ်ခုရှိပါတယ်။ ၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်နေ့မနက်ပိုင်းက ပြိုကျပျက်စီးသွားတဲ့ မြောင်းမြကြိုးတံတား ဖြစ်စဉ်ပါ ပဲ။ မြောင်းမြကြိုးတံတားကြီးက တည်ဆောက်ပြုပြင် မြန်ပြည်တစ်ခွင်အသံတွေ သောသောညံ ချိန် ၁၉၉၄ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး ၁၉၉၆ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တဲ့ တံတားဖြစ်တယ်။ဆောက်လုပ်ရေးဝန်ကြီးဌာနက ဧပြီ ၄ ရက်မှာ မြောင်းမြကြိုးတံတားတည်ဆောက်စဉ်က ကမ်းကပ်ခုံ နိမ့်ကျမှု ဖြစ်ခဲ့လို့ ပြန်လည်ပြုပြင်ခဲ့ရကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

မြောင်းမြကြိုးတံတား ကျိုး ကျတဲ့ဖြစ်စဉ်မှာ ကုန်တင်ကား မောင်းနှင်တဲ့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တို့ တိမ်းပါးခဲ့ ပြီး ကုန်ကားနဲ့အတူ ကားပေါ်မှာ ပါတဲ့ ကုန်ပစ္စည်းတွေလည်း ဆုံး ရှုံးခဲ့ရတယ်။ မြောင်းမြကြိုးတံ တားကျိုးကျမှုဖြစ်ပြီး ရက်သတ္တ ပတ်တစ်လကျော် ကြာမြင့်ချိန်ထိ ဒီတံတားတည်ဆောက်မှုမှာ တာ ဝန်ယူခဲ့သူတွေက တရားဝင် တောင်းပန်တာ၊ ဖြေရှင်းတာ မလုပ်သေးပါဘူး။ မြောင်းမြကြိုး တံတားရဲ့ သက်တမ်းက နှစ် ၂၀ ကျော်သာ ကြာမြင့်ပါသေးတယ်။ ကမ္ဘာပေါ်မှာ လက်ရှိအချိန်ထိ အ သုံးပြုနေတဲ့ ကြိုးတံတားတွေနဲ့ နှိုင်းယှဉ်ရင် မြောင်းမြကြိုးတံတား နဲ့ သက်တမ်းက နုနယ်နေသေး တယ်။ ဒီတံတားကျိုးကျမှုက ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ တာဝန်ခံမှုမရှိ၊ တာဝန်ယူမှုကင်းမဲ့ တဲ့ အခြေအနေကို မီးမောင်းထိုး ပြနေပါတယ်။ တံတားတည် ဆောက်မှုမှာ ပါဝင်ခဲ့သူတွေကို လက်ညှိုးထိုး အပြစ်ပုံချနေတာ မဟုတ်ဘဲ သက်ဆိုင်ရာတာဝန်ရှိ သူတွေအနေနဲ့ ကိုယ့်လုပ်ရပ်ကို ရဲရဲဝံ့ဝံ့ တာဝန်ယူစေလိုခြင်းသာ ဖြစ်ပါတယ်။

လူ့အဖွဲ့အစည်းတစ်ခုရဲ့ အရွေ့က ဘယ်ကိုဦးတည်နေသ လဲ သိချင်ရင် အဲဒီလူ့အဖွဲ့အစည်း အတွင်းက လူတွေသူတို့လူ့အဖွဲ့ အစည်းအတွက် ဘာတွေလုပ်နေ တာလဲဆိုတာနဲ့ ဆုံးဖြတ်ရပါလိမ့် မယ်။ ကျွန်တော်တို့ လူ့အဖွဲ့အ စည်းမှာ လက်ရှောင်သူတွေများ နေရင် နောင်တကလွဲလို့ တခြား ရစရာ အကြောင်းမရှိဘူး။ နောင် တကို မြန်မာအဘိဓာန်က အခုလို အနက်အဓိပ္ပာယ်ဖွင့်ပါတယ်။ (နောင်တ-ပြုသင့်သည်ကို မပြု၊ မပြုသင့်သည်ကို ပြုသည့်အ တွက် အချိန်လွန်မှ ပူပန်ခြင်း) နောင်တတွေနဲ့ နေသားကျနေတဲ့ အဖွဲ့အစည်းဘယ်တော့မှ ရှေ့ တန်းရောက်ဖို့ မလွယ်ဘူး။

ပြောမှရမယ့် ကိစ္စတွေအ တွက် ပြောကြရမှာဖြစ်ပြီး ရေးရ မယ့် အရေးအရာတွေမှာလည်း ရေးကြစေလိုပါတယ်။ ရေးကြ၊ ပြောကြတဲ့အခါမှာ သတိရှိရှိ ဆင် ခြင်တုံတရားလေး လက်ကိုင်ထား ပြီး ရေးကြ၊ ပြောကြပါ။ ဘယ်သူ တွေကို ပြောရမှာလဲလို့ တစ်စုံတစ်ယောက်က မေးလာခဲ့ရင် ပြည်သူ့မဲနဲ့ ရွေးချယ်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အလုပ်မလုပ် ဘဲ လစာမှိန်းယူနေရင် ပြောကြ ပါ။ ရေးစရာရှိရင် ရေးကြပါ။ အလားတူပါပဲ။ ပြည်သူ့အခွန်အ တုတ်တွေနဲ့ လစာရိက္ခာခံစားနေ ကြတဲ့ ပြည်သူ့ဝန်ထမ်းတွေ ပြည်သူတွေကို မောက်မောက်မာမာ ဆက်ဆံရင် ပြောဆိုကြပါ။ အထူးသဖြင့် တစ်ပါးသူတို့ရဲ့ ငွေကြေးနဲ့ရပ်တည်နေ တဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေမဟုတ်တာ၊ မမှန်တာလုပ်ခဲ့ရင် ပြောဆိုဖို့ တာဝန်ရှိပါတယ်။ အပြောခံရတဲ့ သူတွေအနေနဲ့လည်း မဖြစ်မနေ လိုက်နာကြရမှာ ဖြစ်ပါတယ်။

လက်ရှောင်ကြသူတွေများ တဲ့ လူ့အဖွဲ့အစည်း ရှေ့အနာဂတ် မကောင်းနိုင်ဘူး။ လက်ရှောင်ကြ သူတွေထဲမှာ အတ္တကြီးတဲ့ အင် ဂျင်နီယာအချို့ပါတယ်။ လောဘ ကြီးတဲ့ ဆရာဝန်အချို့ပါတယ်။ မောဟကြီးတဲ့ ဗျူရိုကရက် အရာ ရှိကြီး၊ ငယ်တွေလည်း ပါဝင်တယ်။ ပြည်သူတွေကို နား၊မျက်စိဖွင့်ပေး နေတဲ့ သတင်းစာဆရာအချို့ လည်း လက်ရှောင်ကြသူတွေထဲ မှာ ပါဝင်ကြပါတယ်။ သတင်း စာဆရာအချို့က သတ္တိရှိရှိဝေဖန် ရေးသားထုတ်ဖော်ရမှာကို မသိ ချင်ယောင်ဆောင်ပြီး လက်ရှောင်ခဲ့ကြတယ်။ တကယ်တော့ကြောက် လို့မထုတ်လွှင့်တာပဲဖြစ်ဖြစ်၊ အား နာလို့မရေးတာပဲဖြစ်ဖြစ် အဂတိတရားမှာပါဝင်တယ်။ သတင်းစာဆရာတွေရဲ့ ပျက်ကွက်မှုက ပိုလို့တာဝန်ကြီးတယ်။ သူတို့က လူ့အဖွဲ့အစည်းရဲ့ ဖောက်ပြန်မှုတွေ ဖော်ထုတ်ရေးသားကြရသူ တွေ ဖြစ်တဲ့အပြင် မဏ္ဍိုင်သုံးရပ်စလုံးကို ထိန်းညှိပေးကြရသူတွေ ဖြစ်လို့ပါပဲ။ သတင်းစာဆရာတွေ ရေးသားထုတ်လွှင့်ဖို့ လက်ရှောင် ခဲ့ရင်တော့ အဲဒီလူ့အဖွဲ့အစည်း အထိနာတော့တာပါပဲ။

လက်ရှောင်မှုတိုင်းအတွက် လျော်ကြေး ကြီးကြီးမားမား ရှိနေ ပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်း ကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ လူ့အဖွဲ့အစည်းဖြစ်ချင်ရင် လက်ရှောင်မှုတွေ နည်းနိုင်သမျှ အနည်းဆုံးဖြစ်အောင် လုပ်ကြရပါလိမ့် မယ်။ လက်ရှောင်တဲ့ အလေ့အ ကျင့်တွေ ကြီးစိုးလာရင် ကျွန်တော် တို့လူ့အဖွဲ့အစည်းအတွက် ရှေ့အလားအလာ လုံးဝမကောင်းနိုင်တော့ဘူး။ မြန်မာ့လူ့အဖွဲ့အစည်းကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ လူ့အဖွဲ့အစည်းအဖြစ် မြင်တွေ့ချင်ပါတယ်။ ။

(ဆောင်းပါးရှင် Than Naing Uသန်းနိုင်ဦးသည် လူမှုရေး၊ စီးပွားရေးနှင့် မျက် မှောက်ရေးရာ ဆောင်းပါးများ ရေးသားနေသူဖြစ်သည်)
Source : 7daydaily

No comments

Powered by Blogger.