Header Ads

Header ADS

ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၀၀၃ခုနှစ် ဆားစ်ရောဂါထက်ကျော်လွန်လာ


ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ် ဒီဇင်ဘာနောက်ဆုံးအပတ်က စတင်ဖြစ်ပွားလာတဲ့ ဝူဟန်ကိုရိုနာဗိုင်းရပ်စ်(Wuhan coronavirus)ကူးစက်ခံရမှုဟာ ၂၀၀၃ခုနှစ်က တရုတ်ပြည်မကြီးအတွင်းဖြစ်ပွားခဲ့တဲ့ ဆားစ် (SARS) ရောဂါကူးစက်မှုကို ကျော်လွန်သွားပြီးလို့ CNN သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

တရုတ်ပြည်မကြီးမှာ အနည်းဆုံးလူပေါင်း ၆၀၆၁ဦး ဝူဟန်ကိုရိုနာဗိုင်းရပ်စ်(Wuhan coronavirus) ကူးစက်ခံထားရပြီး ၁၃၂ ဦး သေဆုံးသွားပါတယ်။ အခြားကမ္ဘာ့နိုင်ငံပေါင်း ၁၈နိုင်ငံမှာလည်း ရောဂါကူးစက်ခံရသူ ၉၁ဦးအထိ ရှိလာပါတယ်။

တရုတ်နိုင်ငံတုန့်ပြန်ချက်

တရုတ်အာဏာပိုင်တွေအနေနဲ့ မြို့ကြီးတွေရဲ့ တစ်စိတ်တစ်ပိုင်း ဒါမှမဟုတ် တစ်မြို့လုံးရှိ ခန့်မှန်းခြေ လူဦးရေသန်း ၆၀ လောက်ကို ပိတ်ဆို့ထားလိုက်ပြီး သီးသန့်ဖယ်ထားလိုက်ပါတယ်။ အခုဆိုရင် သူတို့ ဆေးရုံတွေကို ထောက်ပံ့ကူညီဖို့ အခြားနိုင်ငံတွေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် ညှိနှိုင်းဆောင်ရွက်နေပြီး၊ ဝူဟန်မြို့မှာ တစ်ပတ်အတွင်း ဆေးရုံအသစ်တစ်ခုဆောက်လုပ်ဖို့ လုပ်ဆောင်နေကြပါတယ်။

ဆေးဘက်ဆိုင်ရာအောင်မြင်မှု

ဝူဟန်ကိုရိုနာဗိုင်းရပ်စ်(Wuhan coronavirus)အတွက် ကာကွယ်ဆေးမရှိသေးသလို၊ သိပ္ပံပညာရှင်တွေဟာ ဗိုင်းရပ်စ်အကြောင်း များစွာမသိသေးပေမယ့် တိုးတက်မှုရှိတယ်လို့ဆိုတယ်။ ဟောင်ကောင်နဲ့ သြစတြေးလျရှိ သုတေသနအဖွဲ့တွေအနေနဲ့ ဝူဟန်ကိုရိုနာဗိုင်းရပ်စ်(Wuhan coronavirus)နမူနာကို လူနာဆီကနေ ထုတ်ယူနိုင်ခဲ့ပြီး အဲဒီကနေ အပြည်ပြည်ဆိုင်ရာဓာတ်ခွဲခန်းတွေဆီကို အရေးကြီးတဲ့သတင်းအချက်အလက်တွေ ပေးနိုင်လိမ့်မယ်လို့ ဆိုပါတယ်။

သင့်ကိုယ်သင်ဘယ်လိုကာကွယ်မလဲ

ရောဂါဖြစ်နေတဲ့ကာလအတွင်း သင်ကိုယ်တိုင် ကြိုတင်ကာကွယ်မှုကို ပြုလုပ်နိုင်ပါတယ်။ သင်ချောင်းဆိုးတဲ့အခါ  ဒါမှမဟုတ် နှာချေတဲ့အခါ ပါးစပ်နဲ့ နှာခေါင်းကို ဖုံးအုပ်ထားပါ။ ရောဂါလက္ခဏာပြသသူတွေနဲ့ အနီးကပ် ထိတွေ့ဆက်ဆံခြင်းကို ရှောင်ပါ။ လက်ကိုဆပ်ပြာနဲ့ မကြာခဏဆေးကြောပါ။ နှာခေါင်းစည်း မျက်နှာဖုံးကို တပ်ဆင်ပါ။

သတိပေးချက်

ဖေ့စ်ဘုတ် လူမှုကွန်ရက်ပေါ်က ကိုယ်က ရောဂါဖြစ်မနေဘူးဆိုရင် နှာခေါင်းစည်းကို ပြောင်းပြန်ဝတ်ပြီး ကာကွယ် ရတယ်ဆိုတဲ့ အယူအဆဟာ ထင်ကြေးနဲ့ အမှားတစ်ခုဖြစ်ပါတယ်။ ပုံမှန်တစ်ခါသုံး နှာခေါင်းစည်းမှာ အလွှာသုံးလွှာပါပြီး အစိမ်းရောင် ရှိတဲ့ဘက်က အပြင်ကထား ဝတ်ရပါ့မယ်။  အစိမ်းရောင်အစဟာ လာစင်တဲ့ ရောဂါပါတဲ့ အရည်တွေ စိမ့်မဝင်နိုင်အောင် ကာကွယ်ထားတာပါ။ အလယ်မှာ ရောဂါပိုးကို ကာကွယ်တဲ့ အစစ်တစ်ခုပါပြီး အတွင်းဘက် အဖြူရောင်အစက ရေငွေ့တွေကို စုပ်ယူနိုင်ပါတယ်။ ဝတ်ဆင်ထားချိန်မှာ ပါးစပ်နဲ့ နှာခေါင်းက ထွက်တဲ့ စိုစွတ်မှုတွေကို စုပ်ယူနိုင်အောင် လို့ပါ။
အဖြူရောင်အစကို အပြင်ကထား၊ အစိမ်းရောင်အစကို အတွင်းကထား ဝတ်ဆင်မယ်ဆိုရင် အပြင်က ရောဂါပါတဲ့ စိုစွတ်မှုအရည်တွေကို စုပ်ယူထားပြီး ရောဂါပိုးကို လက်ခံထားသလိုဖြစ်တတ်ပါတယ်။ ကိုယ့်မှာ ရောဂါရှိရှိ၊ မရှိရှိ နှာခေါင်းစည်းကို ပုံမှန်အတိုင်း အစိမ်းရောင်ရှိတဲ့ဘက်ကအပြင်က အဖြူရောင်ရှိတဲ့ဘက်က အတွင်းကထားဝတ်ဆင်မှသာ အမှန်တကယ် ရောဂါကာကွယ်နိုင်မှာပါ။

No comments

Powered by Blogger.