Header Ads

Header ADS

ဝူဟန်မြို့ရှိ မြန်မာကျောင်းသားများ ဖေဖော်ဝါရီ လဆန်းပိုင်း ပြန်နိုင်မည်ဟုခန့်မှန်း


ပေကျင်း ဇန်နဝါရီ ၃၀ရက်

ဟူပေပြည်နယ်၊ ဝူဟန်မြို့ရှိ ပညာတော်သင် မြန်မာကျောင်းသား ၆၃ဦးကို အထူးလေယာဥ်နဲ့ ပြန်လည်ခေါ်ယူဖို့ မြန်မာအစိုးရကခွင့်ပြုခဲ့ပြီး တရုတ်အစိုးရ ခွင့်ပြုချက်ရပါက အစောဆုံး ဖေဖော်ဝါရီ ၁ရက် ဒါမှမဟုတ် ၂ရက်နေ့ မြန်မာနိုင်ငံကို ပြန်လည်ခေါ်ယူနိုင်လိမ့်မယ်လို့ ပေကျင်းမြို့ မြန်မာသံရုံးက ဇန်နဝါရီ ၃၀ရက်က ထုတ်ပြန်ပါတယ်။

အဲဒီလိုထုတ်ပြန်ရာမှာ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)နဲ့ တရုတ် ကျန်းမာရေး အာဏာပိုင်အဖွဲ့တွေရဲ့ သတ်မှတ်ချက်တွေ၊ ရောဂါမပြန့်ပွားရေးဆိုင်ရာ ကန့်သတ်ချက်တွေ၊ လေကြောင်းပျံသန်းရေးဆိုင်ရာလုပ်ငန်းစဥ်တွေ၊ စီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်တွေနဲ့ ရောဂါဖြစ်ပွားနေတဲ့ လက်ရှိ အခြေအနေအရ ကျော်လွှာဆောင်ရွက်နေရဆဲ တရုတ်အစိုးရရဲ့ ခွင့်ပြုပေးရတဲ့ အခြေအနေတွေကို သိရှိနားလည်ဖို့ လိုအပ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အခုလ ၂၇ရက်နေ့ကပြုလုပ်တဲ့ အထူးသတင်းစာရှင်းလင်းပွဲထုတ်ပြန်ချက်အရ ၂၇ရက်နေ့အထိ မည်သည့်နိုင်ငံခြားသားမှ အထူးလေယာဥ်နဲ့သော်လည်းကောင်း၊ မိမိတို့ ကိုယ်ပိုင်အစီအစဥ်နဲ့ သော်လည်းကောင်း ဝူဟန်မြို့ကနေထွက်ခွာသွားခြင်းမရှိသေးဘူးလို့ ဆိုတယ်။ အဲဒါအပြင် လူမှုကွန်ရက် စာမျက် နှာတွေပေါ်က ကောလဟလတွေကို မယုံကြည်ကြဖို့နဲ့ အထူးလေယာဥ်နဲ့ မြန်မာနိုင်ငံပြန်နိုင်ရေး စီစဥ်ဆောင်ရွက် နေတဲ့ ပေကျင်းမြို့ မြန်မာသံရုံးနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။

No comments

Powered by Blogger.