Header Ads

Header ADS

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကိုရိုနာဗိုင်းရပ်စ်အား နိုင်ငံတကာကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ်ကြေညာ


မနေ့က(ကြာသပတေးနေ့က) ဂျီနီဗာမြို့မှာ အရေးပေါ်ကော်မတီကို ပြန်လည်ခေါ်ယူပြီးနောက် နိုဗာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်‌ရောဂါဖြစ်ပွားမှုကို နိုင်ငံတကာကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ကြေညာလိုက်ပါတယ်။ 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အနေနဲ့ ပြီးခဲ့တဲ့အပတ်ကပဲ နိုဗာ ကိုရိုနာ ဗိုင်းရပ်စ်ဖြစ်ပွားမှုဟာ အရေးပေါ်ကြေညာရမယ့် အခြေအနေမဟုတ်သေးဘူးလို့ ပြောခဲ့တာပါ။ ဒါပေမယ့် တရုတ်နိုင်ငံပြင်ပမှာ လူတစ်ဦးခြင်းရောဂါကူးစက်မှု များပြားလာတာကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ခေါင်းဆောင်တွေအနေနဲ့ ရောဂါပိုမိုဖြစ်ပွားလာနိုင်တဲ့ အလားအလာတွေကြောင့် အရေးပေါ်ကော်မတီကို ပြန်လည်ခေါ်ယူခဲ့ရတာလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒမ်နွမ် ဂယ်ဘရက်စ်စက် (Tedros Adhanom Ghebreyesus)က သတင်းထောက်တွေကို ပြောပါတယ်။ 

ရောဂါပျံနှံ့မှုဟာ နိုင်ငံတကာနဲ့ချီဖြစ်လာပြီး အခြားနိုင်ငံတွေရဲ့ ပြည်သူ့ကျန်းမာရေးကို အန္တရာယ်ဖြစ်စေလာရင်၊ နိုင်ငံတကာက ပူးပေါင်းဆောင်ရွက်တုန့်ပြန်ရမယ့် အလားအလာမျိုးရှိလာရင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေနဲ့ နိုင်ငံတကာကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေ(ထူးခြားတဲ့အဖြစ်အပျက်)အဖြစ် သတ်မှတ်ပါတယ်။ ဒီအရင် အီဘိုလာ၊ ဇီကာနဲ့ H1N1စတဲ့ရောဂါတွေတုန်းလည်း အရေးပေါ်အခြေအနေကြေညာခဲ့ရဖူးပါတယ်။

No comments

Powered by Blogger.