Header Ads

Header ADS

တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့မှာ အမည်မသိဗိုင်းရပ်စ်အဆုတ်‌ရောင်ရောဂါဖြစ်ပွားနေ


ပြီးခဲ့တဲ့ ဒီဇင်ဘာနောက်ဆုံးအပတ်က စတင်ဖြစ်ပွားလာတဲ့ ဝူဟန် အမည်မသိဗိုင်းရပ်စ်အဆုတ်‌ရောင်ရောဂါဟာ ပြင်းထန်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (SARS)၊ ငှက်တုပ်ကွေးရောဂါ(MERS) မဟုတ်ကြောင်းနဲ့ သူတို့အနေနဲ့ အကြောင်းရင်းနဲ့ ရင်းမြစ်ကို ဖော်ထုတ်ဖို့ လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဝူဟန် တရုတ်ကျန်းမာရေး စောင့်ရှောက်မှုအာဏာပိုင်တွေက ပြောကြားပါတယ်။

ဝူဟန်စည်ပင်သာယာကျန်းမာရေးကော်မရှင်ရဲ့ တနင်္ဂနွေနေ့ (ဇန်နဝါရီ ၅) ဒီကနေ့ည ၎င်းတို့ပိုင် ဝက်ဘ်ဆိုက်မှာ တင်ထားတဲ့ ကြေညာချက်အရ အမည်မသိဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါဖြစ်ပွားသူ ၅၉ဦးအထိ ရှိလာပြီး အဲဒီအထဲက ခုနစ်ယောက်ဟာ အခြေအနေအလွန်ဆိုးရွားနေတယ်လို့ ဆိုပါတယ်။

ရောဂါဖြစ်ပွားသူတွေဟာ ဝူဟန်မြို့က ပင်လယ်စာတွေရောင်းချတဲ့ ရေထွက်ပစ္စည်းစျေးနဲ့ ပတ်သက်နေတာကြောင့် အဲဒီစျေးကို ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ပိတ်ထားလိုက်တယ်လို့ ဝူဟန်ညနေခင်းသတင်းကို ကိုးကားပြီး ချိုင်းနားဒေးလီမှာ ဖော်ပြထားတယ်။ လက်ရှိအခြေအနေအရ လူလူချင်း ကူးစက်တာမျိုး ရှိမရှိ ရှင်းရှင်းလင်းလင်းမသိရသေးဘူးလို့ ဆိုပါတယ်။

ဆက်စပ်သတင်းတွေအရ စင်္ကာပူနိုင်ငံမှာလည်း သုံးနှစ်အရွယ်မိန်းကလေးတစ်ဦး ဝူဟန်အဆုတ်‌ရောင်ရောဂါဖြစ် ပွားနေပြီး၊ သူမအနေနဲ့ ဝူဟန်မြို့ကို ခရီးသွားခဲ့ကြောင်း၊ ဒါပေမယ့် ဝူဟန်ပင်လယ်စာစျေးကို သွား‌ရောက်ခဲ့ခြင်းမရှိကြောင်း တောင်ပိုင်းတရုတ်နံနက်ခင်းသတင်းမှာ ဖော်ပြထားပါတယ်။ အဲဒါအပြင် ဟောင်ကောင်မှာလည်း လူငါးဦး ဝူဟန် အမည်မသိဗိုင်းရပ်စ်အဆုတ်‌ရောင်ရောဂါခံစားနေရတယ်လို့ ဆိုပါတယ်။

ရောဂါလက္ခဏာအနေနဲ့ အဖျားတက်ခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အဆုတ်ရောဂါကူးစက်မှုအနည်းငယ် ရှိတယ်လို့ဆိုတယ်။ အဲဒီဖြစ်စဥ်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အနီးကပ်စောင့်ကြည့်နေတယ်လို့ သိရပါတယ်။




No comments

Powered by Blogger.