Header Ads

Header ADS

မန္တလေးက ပထမဝတ္ထုတိုပေါင်းချုပ်များ

မန္တလေး ဧရာဝတီစာပေပွဲတော်မှာ စာတမ်းတစ်စောင်ဖတ်ဖို့ စိတ်ကူးထားပါတယ်။ ဒါပေမယ့် အကြောင်း ကြောင်းကြောင့် မဖတ်ဖြစ်ခဲ့ပါဘူး။

ကျွန်တော်ဖတ်ချင်တဲ့ စာတမ်းခေါင်းစဉ်ဟာ "မန္တ လေးက ပထမဝတ္ထုတိုပေါင်းချုပ်များ"ရယ်လို့ဖြစ်ပါတယ်။ ဒီခေါင်းစဉ်အရ ကျွန်တော်စုဆောင်းထားတဲ့စာစုစာရင်းတစ်ခုကို ဝတ္ထုတိုမြတ်နိုးသူတွေရှေ့ တင်ပြ (ချပြ မဟုတ်ပါ)ရင်း စာရေးဆရာတစ်ယောက်ချင်းကိုလည်း ရေးလေ့ရှိတဲ့အကြောင်း အရာ၊ ဝတ္ထုဖြစ်တည်ရာပတ်ဝန်းကျင်၊စာရေးသူရဲ့စေတနာ၊ အဓိကပြောချင်တဲ့အချက်၊ဇာတ်ကောင် ဇာတ်လမ်းဖန်တီးမှု၊ စာ‎ရေးသူရဲ့ကိုယ်ပိုင်ဟန် အစရှိတဲ့ ခေါင်းစဉ်ခွဲများနဲ့ အချိန်ပေးရင်ပေးသလောက် သုံးသပ်ဆွေးနွေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

ဝတ္ထုတိုဆိုတာ ကိုယ့်ဘဝမှာ “ငယ်ချစ်ဦး”ဖြစ်ရုံ မျှမက အနှစ်အစိတ်လောက်အထိ မြတ်မြတ်နိုးနိုး ပေါင်းသင်းခဲ့တဲ့ “ဘဝကြင်ဖော်”လည်းဖြစ်ပါတယ်။ အချိန်တစ်ခုမှာ အခြေအနေအကြောင်းကြောင်းကြောင့် တစ်ယောက်တစ်နေရာ ဝေးကွာနေကြပေမယ့်လည်း တရားဝင် ကွာရှင်းပြတ်စဲမှု မရှိကြသေးတာကလည်း အမှန်ပါပဲ။ အဲဒါကြောင့် “ဝတ္ထုတို”ဆိုတဲ့ သူ့နာမည်လေးကြားလိုက်ရင်ပဲ ရင်ခုန်စိတ်လှုပ်ရှားမိပါတယ်။ ပြီးတော့ ဝတ္ထုတိုနဲ့ မွေ့လျော်ခဲ့တဲ့ ၁၉၈၀အလွန် နှစ်ကာလများကိုလည်း သတိရမိပါတယ်။

ဒီကာလများကို “ဝတ္ထုတိုရွှေခေတ်”လို့ ပြောကြပါတယ်။ ဘယ်သူတွေက သတ်မှတ်ပေးခဲ့တာလဲ။ အဲဒါတော့ ကျွန်တော့်မှာ မှတ်တမ်းမှတ်ရာအလွယ်မရှိပါ။ ဒါပေမဲ့လည်း အဲဒီကာလမှာ ပေါ်ပေါက်ခဲ့တဲ့ စာရေးဆရာ ဆရာမများကိုယ်တိုင်က ပေးခဲ့တဲ့နာမည်မဟုတ်မှန်းတော့ ကျွန်တော်ပြောနိုင်ပါတယ်။

အဲဒီအချိန်က မဂ္ဂဇင်းစာမျက်နှာများစွာကနေ ကလောင်သစ်တွေရဲ့ ဝတ္ထုတိုများ ဖော်ပြခံခဲ့ကြရပါ တယ်။ အဲဒီဝတ္ထုတိုတွေကို စာဖတ်ပရိသတ်နဲ့အတူ စာရေးဆရာကြီး ဆရာမကြီးများ၊ စာပေဝေဖန်ရေး ဆရာကြီးများက နှစ်သက်သဘောကျခဲ့ကြပါတယ်။ ကြိုဆိုအားပေးခဲ့ကြပါတယ်။ ဝေဖန်အကဲဖြတ်ခဲ့ကြပါတယ်။ အဲဒီအချက်အလက်များကလည်း မဂ္ဂဇင်းစာမျက်နှာများပေါ်မှာ မှတ်တမ်းအဖြစ် ကျန်ရစ်ပြီးဖြစ်ပါတယ်။

ကျွန်တော်တို့ ဆက်လက်သုတေသနပြုသင့်တာကတော့ ဘာကြောင့် “ဝတ္ထုတိုရွှေခေတ်”ရယ်လို့ ဖြစ်လာရသလဲ။ ဘာကြောင့် အချိန်ကာလတစ်ခုတည်းမှာ မျိုးဆက်သစ်ဝတ္ထုတိုသမားတွေ ရှေ့ဆင့်နောက်ဆင့် အုံနဲ့ကျင်းနဲ့ ပေါ်ထွက်လာခဲ့တာလဲ။ ကျွန်တော်တစ်ဦးတည်းအမြင်ကိုတော့ အလျဉ်းသင့်တိုင်း ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

ပြည်သူတွေ မျက်စိဖွင့်နားစွင့်မှာကို မလိုလားတဲ့ တစ်ပါတီအာဏာရှင်အစိုးရက စာပေဖိနှိပ်မှုများ စနစ်တကျလုပ်ဆောင်ခဲ့တယ်။ အဲဒါကြောင့် ကမ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘာ့စာပေအဆင့်အထိ ထိုးဖောက်ဝင်ရောက်နိုင်အောင် ကြိုးပမ်း နေကြတဲ့ စာရေးဆရာများရဲ့ ဝတ္ထုရှည်ကြီးတွေ ပေါ်ထွက်မလာနိုင်တော့သလို ခေတ်ပြိုင်လူမှုဘဝကို ထင်ဟတ်တဲ့၊ စာပေအဆင့်အတန်းရှိတဲ့ ဝတ္ထုများ ရေးမရတဲ့အခြေအနေတစ်ခုအထိ ရောက်ရှိသွားခဲ့ပါတယ်။ အဆင့်အတန်းရှိတဲ့ ရသစာပေများကို ထုတ်ဝေနေကျ စာအုပ်တိုက်ကြီးများဟာ စာကောင်းပေမွန် ထုတ်ဝေဖို့ အခက်အခဲတွေ့နေတဲ့အချိန်မှာ ပြည်သူပိုင်လုပ်ငန်းတွေချည်းရှိတဲ့ ဆိုရှယ်လစ်စီးပွားရေးစနစ်အတွင်း ပုဂ္ဂလိက စီးပွားရေး လုပ်သာကိုင်သာရှိတဲ့ စာအုပ်ထုတ်ဝေရေးလုပ်ငန်းထဲကို စာပေတန်ဖိုး ဘာမှနားမလည်ဘဲ ငွေမျက်နှာတစ်ခုတည်းကြည့်တဲ့သူများ ဝင်ရောက်လာခဲ့ကြပါတယ်။ သူတို့က စာဖတ်ဝါသနာပါစ စာဖတ် ပရိသတ်ထဲကို စာပေအဆင့်အတန်း လုံးဝမရှိတဲ့ အပျော်ဖတ်ဝတ္ထုတွေ ဒလဟော ထုတ်ဝေပေးခဲ့တယ်။ အပျော် ဖတ်စာပေခေတ်နဲ့အတူ ပေါ်ပေါက်လာတဲ့ စာအုပ်အငှားဆိုင်တွေထဲမှာ စာဖတ်သက် အသင့်အတင့်ရှိပြီး သူများအတွက် ဖတ်စရာစာအုပ်က စာပေဂုဏ်သိက္ခာရှိပြီးဖြစ်တဲ့ ဝါရင့်အယ်ဒီတာကြီးများကိုယ်တိုင် တည်းဖြတ် ထုတ်ဝေထားတဲ့ လစဉ်ထုတ်မဂ္ဂဇင်းတွေပဲ ဖြစ်လေတော့ မဂ္ဂဇင်းတွေလည်း အငှားသွက်လာပါတယ်။ ကံကောင်းချင်တော့ အစိုးရက အငြိမ်းစားတပ်မတော်အရာရှိကြီးများနဲ့ လူထုလူတန်းစား အဖွဲ့အစည်းများကို မဂ္ဂဇင်းထုတ်ဝေခွင့်များ ချပေးလိုက်တယ်။ မဂ္ဂဇင်းသစ်တွေ အတော်များများထွက်လာတယ်။ အဲဒီထဲမှာ စာရေး ဆရာမကြီးတချို့လည်း မဂ္ဂဇင်းထုတ်ဝေခွင့်များ ရရှိသွားပါတယ်။ အနှစ်ချုပ်ရရင်တော့ အဲဒီမဂ္ဂဇင်းသစ်တွေရဲ့ စာမူလိုအပ်ချက်ကလည်း ကလောင်သစ်တွေ နေရာတစ်နေရာရရှိစေဖို့ တံခါးပေါက်များ ဖြစ်ခဲ့ပါတယ်။

ဒီနေရာမှာ ဝတ္ထုတိုသမား မျိုးဆက်သစ်များကို မွေးထုတ်ပေးဖို့ ကြိုးပမ်းခဲ့တဲ့ အယ်ဒီတာများရဲ့ စေတနာက အဓိကဖြစ်ပါတယ်။ မြန်မာဝတ္ထုတိုလောက ဖွံ့ဖြိုးစည်ပင်အောင် ရှေ့ဆောင်လမ်းပြခဲ့ကြတဲ့၊ နိုင်ငံတကာဝတ္ထုတိုများနဲ့ မိတ်ဆက်ပေးခဲ့ကြတဲ့၊ ဝတ္ထုတို အတတ်ပညာသဘောကို ဖွင့်ဆိုရှင်းလင်းပေးခဲ့ကြတဲ့ စာရေးဆရာကြီး စာရေးဆရာမကြီးများရဲ့ ကျေးဇူးတရားလည်း အများကြီးရှိပါတယ်။ ပြီးတော့ ဝတ္ထုတို ကလောင်သစ်များနဲ့စာဖတ်ပရိသတ်ကို မိတ်ဆက်ပေးခဲ့ကြတဲ့ အင်တာဗျူးဆရာများကိုလည်း ကျေးဇူးတင်ရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် မဂ္ဂဇင်းတွေခေတ်ကောင်းချိန်မှာ ဖူးပွင့်လာကြတဲ့ဝတ္ထုတိုကလောင်တိုင်းဟာ လွယ်လွယ် ဖြစ်ထွန်းခဲ့ကြတာတော့ မဟုတ်ပါဘူး။အယ်ဒီတာများက စာကြိုက်လို့ ရွေးချယ်ဖော်ပြခဲ့တဲ့တိုင်အောင် စာပေစိစစ်ရေးဆိုတဲ့ တံတိုင်းကြီးကို ကျော်ဖြတ်ရပါသေးတယ်။သူတို့ သဘောမတွေ့ရင် ဆုတ်ဖြဲတာ ငွေမင်သုတ်တာ သတိပေးတာ ခံခဲ့ကြရပါတယ်။မဂ္ဂဇင်းမှာ ဖော်ပြပြီးဖြစ်တဲ့ဝတ္ထုတိုတွေကို စုပေါင်းပြီး ပေါင်းချုပ်ထုတ်တာလည်း မလွယ်ပါဘူး။စာမူအားလုံး လက်နှိပ်စက်ရိုက်ပြီး မူကြမ်းတင်ရပါတယ်။သတ်မှတ်ကော်ပီ ဘယ်နှစုံလဲမသိတင်ရပါတယ်။အဲဒီလက်နှိပ်စက်မူ စာအုပ်ထူကြီးတွေကို စားပွဲပေါ်တင်ထားပြီး ဖတ်ချင်မှဖတ်ပါတယ်။ကျွန်တော့်ဝတ္ထုတိုပေါင်းချုပ်တစ်အုပ်တင်တာ သုံးနှစ်လောက်နေမှပြန်ကျပါတယ်။ရုံးကျမူကြမ်းစာအုပ်တစ်ခုလုံး မင်နီမင်ပြာ ဗရပွနဲ့။စာစစ်မှူးစားပွဲအဆင့်ဆင့်ကနေ ဖြတ်တောက်ပိတ်ဆို့ထားလိုက်တာများ မြင်ရက်စရာမရှိဘူး။။မဂ္ဂဇင်းမှာ ပါပြီးသားဖြစ်လျက်နဲ့ ခွင့်မပြုတာ။ဝတ္ထုတိုဗျာ ဒီလောက်ဖြတ်တောက်ပစ်မှတော့ ဘယ်လိုလုပ် ပြောချင်တဲ့အာဘော်မိပါတော့မလဲ။အရသာရှိပါတော့မလဲ။ဒါနဲ့ မထုတ်ဘဲ နေလိုက်ရပါတယ်။ပြီးခဲ့တဲ့နှစ်ကတော့ ထုတ်ဝေသူကြီးက အဲဒီအကြောင်းစကားစပ်ရင်း ရယ်ရယ်မောမောနဲ့ပြောပါတယ်။"ကျွန်တော်က ခင်ဗျားစာအုပ်အတွက် ရေမလောင်းလိုက်ရဘူး၊ဆောရီးပါ"တဲ့။

၂၀၁၂ခုနှစ်ဩဂုတ်လ၂၀ရက်ကအစပြုပြီး မထုတ်ဝေမီ ကြိုတင်စိစစ်ခံရတဲ့ကိစ္စမရှိတော့ဘူး။အရပ်သားအစိုးရခေတ်မှာ စာပေစိစစ်ရေးဆိုတဲ့တံတိုင်းကြီးကို ကျော်ဖြတ်စရာမလိုတော့ စာရေးဆရာတွေရေးတဲ့စာ ဒီနေ့ရေး တစ်လအတွင်းစာအုပ်ဖြစ်နိုင်တဲ့ အခြေအနေဖြစ်လာတယ်။မဂ္ဂဇင်းခေတ်မှေးမှိန်သွားပေမယ့် အွန်လိုင်းပေါ်မှာ ဝတ္ထုတိုတွေ ဝေစည်လာတယ်။အွန်လိုင်းပေါ်ကစာဖတ်ပရိသတ်အင်အားနဲ့ ဝတ္ထုတိုပေါင်းချုပ်တွေ ထုတ်လာကြတယ်။

ဝတ္ထုတို ရွှေခေတ်ဆိုတဲ့စကားကို ပြန်ကောက်ချင်ပါတယ်။ အဲဒီဝတ္ထုတိုရွှေခေတ် စာရေးဆရာ တွေထဲမှာ မန္တလေးမြို့က ကလောင်တွေလည်း ပါခဲ့ပါတယ်။ မြန်မာစာပေအတက်အကျ၊ ဖူးပွင့်ဝေစည်ခြင်း ဆွံ့အလှီဖျင်းခြင်းက တစ်နိုင်ငံလုံးနဲ့ဆိုင်ပါတယ်။ ရန်ကုန် မန္တလေးကိစ္စ မဟုတ်ပါ။ ဒါကြောင့် ဝတ္ထုတိုရွှေခေတ် ကို မန္တလေးက ဦးဆောင်တယ်ဆိုတဲ့ စကားမျိုးလည်း မပြောအပ်ပါ။ ကျွန်တော်တစ်ယောက်တည်းအနေနဲ့ ပြောလေ့လည်းမရှိပါ။

ဆိုခဲ့တဲ့အတိုင်း ၁၉၈၀ ဝန်းကျင် မဂ္ဂဇင်းအသီးသီးမှာ ဝတ္ထုတိုတွေ ရေးခဲ့ကြတဲ့ ဆရာ ဆရာများထဲက မန္တလေးက စာရေးဆရာများစာရင်းနဲ့ သူတို့ရဲ့ ပထမဆုံးဝတ္ထုတိုပေါင်းချုပ်စာရင်းကို လက်လှမ်းမီသလောက် ရှာဖွေပြုစုကြည့်လိုက်ပါတယ်။ ဆရာ ဆရာမများရဲ့ ပထမဆုံး ပုံနှိပ်ဖော်ပြခံရတဲ့ မဂ္ဂဇင်းဝတ္ထုတိုအမည် များကိုလည်း ရှာဖွေပြုစုဖော်ပြချင်ပါတယ်။ ဒါပေမဲ့ ဆရာ ဆရာမအားလုံးစုံအောင် ဖော်ပြဖို့ အခက်အခဲရှိတဲ့ အတွက် သူတို့ရဲ့ ပထမဆုံး ဝတ္ထုတို ပေါင်းချုပ်စာရင်းတစ်ခုကိုပဲ ဖော်ပြလိုက်ပါတယ်။

“မန္တလေးက”ဆိုတဲ့နေရာမှာ အဲဒီခေတ်မဂ္ဂဇင်းအသီးသီးမှာ ကလောင်သွေးခဲ့ကြတဲ့ မန္တလေး ဆေးတက္ကသိုလ်ထွက် ဆရာ၊ ဆရာမများကိုလည်း ထည့်သွင်းရမှာဖြစ်ပါတယ်။ ပြီးတော့ ရန်ကုန်နဲ့ နယ်ကနေ မန္တလေးပြောင်းလာခဲ့ပြီးနောက် ဝတ္ထုတိုတွေ ပိုရေးဖြစ်၊ ပိုအောင်မြင်ခဲ့တဲ့ ဆရာများလည်း ပါဝင်ပါတယ်။ ကျွန်တော်ရည်ညွှန်းတဲ့အထဲမှာ ဆရာမာန်မြင့်တို့၊ ဆရာနေဝင်းမြင့်တို့လို မန္တလေးရောက်မလာခင်ကတည်းက ဝတ္ထုတိုလောကမှာ နာမည်တစ်လုံးရနှင့်ပြီးသား ဆရာများ၊ ဆရာဝင်းဖေ၊ ဆရာချစ်ဦးညို၊ ဆရာမင်းသစ်တို့လို မန္တလေးဇာတိ၊ မန္တလေးတက္ကသိုလ် ထွက်ဖြစ်သော်လည်း စာပေလောကနဲ့ တခြားအနုပညာနယ်ပယ်များမှာ နာမည်ရပြီးဖြစ်တဲ့ ဆရာများလည်း မပါဝင်ပါဘူး။

၁၉၈၀ ဝန်းကျင်က ဆရာဒဂုန်တာရာ၊ ဆရာသိန်းဖေမြင့်၊ ဆရာသုခ၊ ဆရာမ ခင်နှင်းယု စတဲ့ အောင်မြင်ထင်ရှားတဲ့ ဆရာကြီး ဆရာမကြီးများရဲ့ ဝတ္ထုတိုပေါင်းချုပ် စာအုပ်တွေကလွဲလို့ စာအုပ်တိုက်တွေက ဝတ္ထုတိုပေါင်းချုပ်စာအုပ်တွေ ထုတ်ဝေတယ်ဆိုတာ အလွန်နည်းပါတယ်။ လူငယ်စာရေးဆရာတွေဟာ မဂ္ဂဇင်း အသီးသီးမှာ ပြန့်ကျဲနေတဲ့ သူတို့ဝတ္ထုတွေကို တစ်စုတစ်စည်းတည်းဖြစ်ဖို့ ကိုယ်တိုင်ငွေအရင်းအနှီးထုတ်ပြီး ထုတ်ဝေရတာမျိုး ရှိခဲ့ပါတယ်။ တချို့လည်း ငွေကြေးတတ်နိုင်တဲ့ မိတ်ဆွေများက ထုတ်ပေးတာမျိုးနဲ့ ရင်းနှီး ခင်မင်တဲ့ စာအုပ်တိုက်တွေက စွန့်စားထုတ်ဝေပေးတာမျိုး ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ၁၉၈၀အလွန် နှစ်များ ကစတင်ပြီး စာရေးဆရာ ဆရာမတစ်ဦးစီရဲ့ ဝတ္ထုတိုပေါင်းချုပ်စာအုပ်များ အများအပြားထွက်လာခဲ့ပါတယ်။ ဒါကတော့ ကျွန်တော်လက်လှမ်းမီသလောက် ပြုစုထားတဲ့ မန္တလေးစာရေးဆရာ ဆရာမများ စာရင်းနဲ့ သူတို့ရဲ့ ပထမဆုံးဝတ္ထုတိုပေါင်းချုပ်စာအုပ်အမည်ရယ်၊ ထုတ်ဝေတဲ့နှစ်ရယ်ပဲ ဖြစ်ပါတယ်။ ရွှေခေတ်ဆရာဆရာမတွေရဲ့ ပထမဆုံးဝတ္ထုတိုပေါင်းချုပ်များအပြင် စာပေစိစစ်ရေးခေတ်အလွန် ဝတ္ထုတိုခေတ်တစ်ခေတ်ပြန်လည်စတင်ဖို့ ဖူးပွင့်လာသူများရဲ့ပထမဆုံးဝတ္ထုတိုပေါင်းချုပ်စာအုပ်များပါဖော်ပြလိုက်ပါတယ်။ ဝတ္ထုတို‎ဆရာ ဆရာမတချို့ ကျန်ရှိကောင်းကျန်ရှိနိုင်ပါတယ်။ဖြည့်စွက်ပေးကြပါ။ ထုတ်ဝေတဲ့နှစ်ကာလ ဖော်ပြတာလွဲမှားတာမျိုးရှိရင်လည်း ပြင်ဆင်ပေးဖို့ မေတ္တာရပ်ခံပါတယ်။

ကိုရိုးကွန့်-စိန်လွန်တူးသမားနှင့် အဖွင့်အပိတ်တံခါးများ(၁၉၈၇)၊ပြေ(ဆေး-၂)-အိမ်ဆူးဆို့ ကလေးလက်တို့ ခွေးအို့အို့ (၁၉၈၇)၊ ဂျူး-ရာဇဝင်ထဲမှာမောင့်ကိုထားရစ်ခဲ့(၁၉၈၈)၊ ကျော်စွာထက်-ကျော်စွာထက် ဝတ္ထုတိုများ(၁)(၁၉၈၉)၊ မောင်ကိုကို(အမရပူရ)-ချစ်ပန်းပွင့် တွေ ဝေစည်မှာလား(၁၉၈၉)၊ ညီပုလေး-သူ့ထက်ကဲ ရွှေပြည်စိုး ညီပုလေး(၁၉၈၉)၊ ဝင်းစည်သူ-၁၂ပွဲ‎စျေးသည်(၁၉၉၀)၊ နုနုရည်(အင်းဝ)-ဒိုးကြေးနှင့်အခြားဝတ္ထုတိုများ(၁၉၉၁)၊ သိုက်ထွန်းသက်-ဂျီဩ မေတြီဂေါဝိန်(၁၉၉၂)၊ စုထား-အဆိပ်ဝိုင်(၁၉၉၄)၊ ဂျိုဇော်-အလင်းအ‎မှောင်နှောင်ကြိုး(၁၉၉၄)၊ ချစ်စရာ -မျက်တောင်တုမျက်ဝန်းထဲက(၁၉၉၄)၊ ပိုင်စိုးဝေ-ဗုဒ္ဓဟူးနေ့မှ မိုင်ငါးရာ (၁၉၉၅)၊ ဝင်းဝင်းမြင့်(နန်းတော်ရှေ့)အနားမညီတရိဂံ(၁၉၉၅)၊ ကြည်ဇော်ဝင်း-ဝင်းဆေးကုခန်းမီးသွေးရောင်းရန်ရှိသည်(၁၉၉၆)၊ ဝိုင်-မေမေ့ရဲ့ငွေကြယ်ပွင့်များ(၁၉၉၆)၊ ရဲသျှမ်း-အသည်းကွဲရှန်တိန်(၁၉၉၇)၊ ဆူးငှက်-တစ်ဝက်မန်ကျည်းပင်(၁၉၉၇)၊ နေမျိုး-မြင်ကွင်းကျယ်အချစ်ဝတ္ထု(၁၉၉၇)၊ မဝင့်(မြစ်ငယ်)-ခေတ်ဝတ္ထုတိုများ (၁၉၉၈)၊ မေမောင်-ဘုရားကြီးသူ(၁၉၉၉)၊ ခင်ခင်ထူး-သနပ်ခါးပွင့်(၁၉၉၉)၊ နိုင်ဇော်-ဂန္ထဝင်ဂီတာ (၁၉၉၉) ၊ တင်မောင်သန်း - ဆုံးဖြတ်ချက်နှင့်လူ(၁၉၉၉)၊ ငြိမ်း(ရွှေလီ)-ကန္တာရကြာပွင့်များ(၂၀၀၀)၊ မင်းတင်ထွဏ်း-မြစ်တစ်စင်းရဲ့အလွမ်းကဗျာတစ်ပုဒ်(၂၀၀၁)၊ ယဉ်ယဉ်နု(မန္တလေး)-ရွှေဘိုမြင်း(၂၀၀၁)၊ မြို့သာ မရာထို-တောရထား (၂၀၀၁)၊ညိုထွန်းလူ-စန္ဒကူးအိမ်(၂၀၀၂)၊ ကျော်ရင်မြင့်-ကျော်ရင်မြင့် ဝတ္ထုတိုများ(၂၀၀၂)၊ ကိုငြိမ်း (မန္တလေး)-အိပ်မက်သုံးဆင့်(၂၀၀၂)၊ ပေါ်ဦးသစ်-လမင်းသမီးအိမ်(၂၀၀၂)၊ စိုးဘားဒိုင်-ချိန်သားကိုက်အမှတ်တမဲ့များ(၂၀၀၄)၊ ခင်အောင်ဝင့်-အယ်ဒီတာတစ်ထောင်မှာ တစ်ယောက်လောက်တော့ရွေးကောင်းပါရဲ့(၂၀၀၄)၊ ချောအိမာန်(မန္တလေး)-အိပ်မက်စစ်(၂၀၀၅)၊ မောင်သာပို-ရွှေအင်းဝသီချင်းကို လေချွန်တဲ့သူ(၂၀၀၆)၊ ကိုချစ်-စိတ်ကူးနဲ့ဘုရားတည်ကောင်းမှုတော်ထက်မငယ်နိုင်ပေါင်(၂၀၀၆)၊ ဆောင်းလုလင်-အပျော်တမ်းခြောက်တဲ့သရဲ(၂၀၀၈)၊ လေရူး-ဇမ္ဗူထိပ်ကဒိတ်ဖြစ်တဲ့သူ(၂၀၁၀)၊ နွေဝေနှင်း(မန္တလာမြေ)-မဆုံးသောကောင်းကင် မခန်းသောသမုဒ္ဒရာ (၂၀၁၀)၊ စိုးလှိုင်တင့်-မိုးခါးရေနင်တဲ့လ(၂၀၁၁)၊ နှင်းဆီအောင်-လက်ယက်တွင်း(၂၀၁၂)၊လူမျိုးနော်-မေတ္တဉ္စလီ(၂၀၁၃)၊စိုးအောင် (မန္တလေး)-အစိမ်းရောင်ဘူတာ(၂၀၁၃)၊ ဖြူမွန်-အဝေးရောက် သစ်တစ်ပင်(၂၀၁၃)၊ လွန်းမောင်မောင်-အဖေမတူသား(၂၀၁၃)၊ သျှိုင်းရဲဝံ့-အုန်းဆံကြိုးတွေစုထားရတဲ့မြို့(၂၀၁၃)၊ မောင်ဘနောက်-ပြုံးမဲ့မျက်နှာ(၂၀၁၃)၊ သန့်လဲ့စင်(မန်းတက္ကသိုလ်)-မျက်နှာစိမ်းဧည့်သည်(၂၀၁၄)၊မြင့်ခေါင်ကြည်(ဒီဇယ်) အလွမ်းရထားပေါ်က ပိကက်လေးတစ်လုံး(၂၀၁၄)၊ မကို-ခရီးဆစ်သီ (၂၀၁၅)၊ မောင်ရာ-လှေကြီးပေါ်လှေငယ်တင်လို့ ပဲ့ပြင်ကလှုပ်လှိုင်းကပုတ်(၂၀၁၅)၊ ဟမ်စိုင်း ဆေး/မန်း-တတိယလူ(၂၀၁၆)၊မြင့်မိုရ်ကျော်လင်း(မိုးမိတ်)-ကြယ်တစ်စင်း၏ရွက်လွှင့်ခြင်း(၂၀၁၆)၊ မောင်သစ်ဦး(မြစ်ခြေ)-သတ္တမမြောက်မျက်မမြင်ပုဏ္ဏား(၂၀၁၇)၊ ကောင်းမြတ်-အိပ်မက်မြစ်ကမ်း(၂၀၁၇)၊ မောင်နိုင်လင်း(ကောလင်း)-အချစ်အ ကြောင်း မပါတဲ့အချစ်ဝတ္ထု(၂၀၁၈)၊ မော်မော့်မောင်-နဂါးမျက်စောင်း(၂၀၁၈)၊ လူငြိမ်းအေး(ဆီမီးခုံ)-တစ်ပေါက်ကလေးမျှသောရေကြည်သည်လည်း(၂၀၁၈)၊ ကေသရာဇာ(ယင်းမာပင်)-ပြာလဲ့လဲ့မိုးကောင်းကင်ထက်က တောင်ပံနီငှက်ကလေးများ(၂၀၁၉)၊ ကြည်မင်းဝေ(ဆင်ကျွန်း)-မိုးသည်းသောည(၂၀၁၉)၊ ဇေဦးယျာ-ဆိုးတဲ့အမေ(၂၀၁၉)၊ မိုမိုစု(ဆေး)-တန်ဖိုးလေးတော့ထားစေချင်(၂၀၁၉)၊ သော်တာအေးလဲ့-လဲမှို့ပွင့်လေး(၂၀၁၉)၊ မောင်ရဲနွေ(ပလိပ်)-လေယာဉ်ပျံကြီးရေ(၂၀၁၉) တို့ဖြစ်ကြောင်းပါ။

သိုက်ထွန်းသက်
၁၃နိုဝင်ဘာလ ၂၀၁၉

No comments

Powered by Blogger.